တရားစွဲဆိုသည့် အဖွဲ့အစည်းများ ဥပဒေကို လေးစားလိုက်နာမှု မရှိသဖြင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း လက်ပံတောင်းတောင်အရေး ဆန္ဒပြမှုဖြင့် တရားစွဲခံရသူူများ ပြောကြား

တရားစွဲဆိုသည့် အဖွဲ့အစည်းများ ဥပဒေကို လေးစားလိုက်နာမှု မရှိသဖြင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း လက်ပံတောင်းတောင်အရေး ဆန္ဒပြမှုဖြင့် တရားစွဲခံရသူူများ ပြောကြား
Published 1 April 2016
ဝေလင်းအောင်၊ပြည့်ဖြိုးအောင်

လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံး အသီးသီးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းစုစီပုဒ်မ ၁၈ တို့ဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားသည့် ဒေါ်နော်အုန်းလှ၊ ဦးနေမျိုးဇင်နှင့် ဦးသန်းဆွေတို့ကို ဧပြီ ၁ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် ရုံးထုတ်ခဲ့သည်။ယင်းနေ့ရုံးချိန်းတွင် တရားစွဲဆိုခံထားသူ တစ်ဦးဖြစ်သည့် ဦးသန်းဆွေက တရားစွဲဆိုသည့် အဖွဲ့အစည်းများမှာ ဥပဒေအား လေးစားလိုက်နာခြင်း မရှိသဖြင့် အမှုကြန့်ကြာသည့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ပြောကြားသည်။“ကျွန်တော်တို့က ဥပဒေလိုက်နာပြီးတော့ တရားစွဲ အဖွဲ့အစည်းဘက်က သက်သေမလာဘူးဆိုတော့ ဒါကဥပဒေကို မလေးစားရာ ရောက်တယ်။ ဒီလိုမျိုးလုပ်နေတာက ကျွန်တော်တို့ကို သက်သက်မဲ့ အချိန်ဆွဲတာလို့ ကျွန်တော်မြင်ပါတယ်။ ဒီလိုမျိုး သက်သေကို ခေါ်လာရမယ့် တာဝန်က တရားရေး အဖွဲ့အစည်းမှာ တာဝန်ရှိပါတယ်” ဟု ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဦးသန်းဆွေက ပြောကြားသည်။ယင်းနေ့ရုံးချိန်းတွင် ၎င်းတို့သုံးဦးအား ပန်းဘဲတန်းမြို့နယ် တရားရုံး၌ တရားစွဲထားသည့် ပုဒ်မ ၁၈ နှင့်ပတ်သက်၍ တရားလိုပြသက်သေ ရဲအရာရှိ မလာသဖြင့် အမှုအား မစစ်ဆေးဖြစ်ခဲ့ချေ။ထို့နောက် ရုံးချိန်းအား ဧပြီ ၈ ရက်သို့ ချိန်းဆိုခဲ့ပြီး ထိုနေ့တွင် တရားလိုပြသက်သေအား စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် အဆိုပါ စွပ်စွဲခံရသူသုံးဦးမှာ လက်ပံတောင်အရေး ဆန္ဒပြမှုဖြင့် လမ်းမတော်မြို့နယ် တရားရုံးတွင်လည်း ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။ ထိုသို့လမ်းလျှောက်ဆန္ဒပြရာတွင် ပန်းဘဲတန်းမြို့နယ်မှ သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရှိဘဲ ဖြတ်သန်းခဲ့သည်ဟုဆိုကာ ၎င်းတို့သုံးဦးအား ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သိရသည်။၎င်းတို့သုံးဦးသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် လက်ပံတောင်းတောင် အကြမ်းဖက်မှု (၂၆) လပြည့်နှင့် ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးမှုအား အမှုမှန်ဖော်ထုတ်ပေးရေး မြို့တော်ခန်းမရှေ့မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြရာတွင် ကျောက်တံတားမြို့နယ်၊ လသာမြို့နယ်၊ အလုံမြို့နယ်နှင့် ဒဂုံမြို့နယ်တို့ကို ဖြတ်သန်းခဲ့သောကြောင့် သက်ဆိုင်ရာ မြို့နယ်တရားရုံးများတွင် ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၇၄၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီး မြို့နယ်တရားရုံး အသီးသီးက အလုပ်နှင့်ထောင်ဒဏ် လေးနှစ်ရှစ်လကျော် ချမှတ်ထားကြောင်း သိရသည်။

Most Read

Most Recent