မြန်မာနိုင်ငံ တစ်ဝန်းရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လမ်း၊ တံတားကြေး ကောက်ခံရေးဂိတ် ၃၀၂ ဂိတ်အနက် ၁၆၁ ဂိတ်တွင် ဧပြီ ၁ ရက်မှ စတင်ပြီး လမ်းတံတား အသုံးပြုခ ကောက်ခံခြင်း မပြုတော့ဘဲ ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် ကောက်ခံလျက်ရှိသော တစ်နိုင်ငံလုံးရှိ လမ်းတံတားကြေး ကောက်ခံရေး ဂိတ်များအနက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖြေလျှော့ပေးမည့် ဂိတ်အရေအတွက်မှာ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၃၉ ဂိတ်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ကိုးဂိတ်၊ ပဲခူးတိုင်း ဒေသကြီးတွင် ကိုးဂိတ်၊ မကွေးတိုင်း ဒေသကြီးတွင် ၂၂ ဂိတ်၊ မန္တလေးတိုင်း ဒေသကြီးတွင် ခြောက်ဂိတ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် သုံးဂိတ်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၂၂ ဂိတ်၊ ကယားပြည်နယ်တွင် လေးဂိတ်၊ မွန်ပြည်နယ်တွင် လေးဂိတ်၊ ရခိုင်ပြည်နယ်တွင် ၁၈ ဂိတ်၊ ရှမ်း ပြည်နယ်တွင် ၂၅ ဂိတ် စုစုပေါင်း ၁၆၁ ဂိတ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဝင်းခိုင်က တာဝန်ယူထားပြီး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မတ် ၃၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ဦးဝင်းခိုင်က ဝန်ကြီးဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူကို အခြေပြု ဦးစားပေးရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးနှင့် သတ်မှတ်ချက်များကို ဦးစားပေးရန်၊ အဟောင်းပြင် လုပ်ငန်းများ building back better Policy ကို အခြေခံပြီး လမ်းတံတားကဏ္ဍကို တိုးမြှင့်အောင် ဆောင်ရွက်ရန်၊ သက်မွေးလုပ်ငန်းနှင့် စပ်လျဉ်းသော အရည်အသွေးများ ပြည့်ဝရန်၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိ ဆောင်ရွက်ရန်နှင့် ပြည်သူများအတွက် အိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်းရန် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ တစ်ဝန်းရှိ လမ်းတံတား အသုံးပြုခများ ကောက်ခံရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်သော ပုဂ္ဂလိက လုပ်ငန်းတို့က ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ကောက်ခံနေသော လမ်းတံတားဂိတ် အချို့ကို ဖြေလျှော့ပေးခြင်း ဖြစ်သည်။ နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရနှင့် ဘီအိုတီစနစ်ဖြင့် ဆောင်ရွက်သော ပုဂ္ဂလိက လုပ်ငန်းများ၏ လမ်းတံတားကြေး ကောက်ခံသည့် ဂိတ်ပေါင်း ၁၀၀၀ ကျော်ရှိပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဂိတ်ပေါင်း ၃၀၂ ခုရှိ ရာမှ ယခု ၁၆၁ ဂိတ်ကို လမ်းတံတား အသုံးပြုခ မကောက်ခံတော့ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လမ်းတံတားကြေး ကောက်ခံရေးဂိတ် ၃၀၂ ဂိတ်အနက် ၁၆၁ ဂိတ်တွင် ဧပြီ ၁ ရက်မှစ၍ လမ်းတံတား အသုံးပြုခ ကောက်ခံခြင်း မပြုတော့










