အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ထိတွေ့မှုနည်းပါး၍ မသမာမှုများ လျော့ကျစေမည့် MACCS စနစ်ကို ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စတင်အသုံးပြုမည်

အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ထိတွေ့မှုနည်းပါး၍ မသမာမှုများ လျော့ကျစေမည့် MACCS စနစ်ကို ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စတင်အသုံးပြုမည်
Published 1 April 2016
ဖြိုးဝေ

နေ့စဉ်ကုန်ပစ္စည်းတင် ကွန်တိန်နာ အလုံး ၂၀၀ ခန့်နှင့် လစဉ် ကုန်သေတ္တာပေါင်း ၃၀၀၀၀ ခန့် အဝင်အထွက် ပြုလုပ်နေသည့် အကောက်ခွန် ဦးစီးဌာနတွင် ကွန်တိန်နာ တစ်လုံးထုတ်ယူရန် ယခင်က အနည်းဆုံး ငါးရက်ခန့်မှ တစ်လဝန်းကျင် ကြာမြင့်သော်လည်း လက်ရှိအချိန်တွင် စက္ကန့်ပိုင်းအတွင်း ကွန်တိန်နာထုတ်ပေး၍ အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ထိတွေ့မှု နည်းပါးသဖြင့် မသမာမှုများ လျော့ကျလာစေမည့် Myanmar Automatic Cargo Clearence - MACCS စနစ်အား ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းများတွင် စတင်သွားမည် ဖြစ်ကြောင်း ဧပြီ ၁ ရက်က ရန်ကုန်မြို့ရှိ အကောက်ခွန် ဦးစီးဌာနရုံးတွင် MACCS စနစ်အတွက် စတင်မှတ်ပုံတင်မှု လုပ်ငန်းစဉ် စတင်သည့်နေ့တွင် JICA မှ Chief Advisor Mr,Shuhei UENO က ပြောကြားသည်။
Myanmar Automatic Cargo Clearence စနစ်အတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၉ သန်း ထောက်ပံ့ခဲ့ပြီး  ၂၀၁၃ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အဆိုပါစနစ် စတင်စမ်းသပ်မှုကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် စတင်၍ စနစ်တစ်ခုလုံး အသုံးပြုမှုကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ဆောင်ရွက်မည်ဖြစ်သည်။
"ထုတ်ကုန်သွင်းကုန် လုပ်ငန်းလုပ်နေတဲ့ သူတွေအားလုံးကို MACCS စနစ် သုံးစေချင်ပေမယ့် ဘယ်လောက် လူဦးရေလာပြီး မှတ်ပုံတင်မလဲဆိုတာ စိုးရိမ်နေရတယ်။ နောက်ပြီး MACCS က Invoice အပေါ်မှာ Declaration လုပ်မှာဖြစ်တဲ့အတွက် ဘယ်လောက်အထိ အသားကျမလဲ ဆိုတာပါ။ လက်ရှိလုပ်နေတဲ့စနစ်က ပေါင်းထည့်ထားတဲ့ တန်ဖိုးအပေါ်မှာပါ။ အရင်တုန်းကဆို တင်လာတဲ့ တန်ဖိုးအပေါ်မှာပဲ  အကောက်ခွန်က ပေါင်းထည့်တာ၊ နုတ်တာလုပ်တယ်။ နောက်ပိုင်းဆို ကိုယ်တင်တဲ့ တန်ဖိုးအပေါ်မှာပဲ တွက်တော့မှာ ဖြစ်တဲ့အတွက် မှန်မှန်ကန်ကန် လုပ်မလုပ် ဆိုတာကို လုပ်ငန်းအားလုံးပြီးမှ လိုက်လံစစ်ဆေးမယ်။ MACCS စနစ်ဆိုတာကို ဂျပန်ရဲ့ စနစ်အတိုင်း ယူလာတာဖြစ်ပြီး မြန်မာကတောင် သာချင်သာဦးမယ်။ စနစ်ကတော့ ပြောစရာမရှိပေမဲ့ အင်တာနက်လိုင်းပေါ်မှာ မူတည်ပြီး သုံးရမယ် စနစ်ကတော့ အင်တာနက်လိုင်း မကောင်းရင် ဘာပြဿနာ တက်မလဲဆိုတာ စိုးရိမ်နေရတယ်။ ဒီစနစ်ကို သုံးစွဲတဲ့အခါမှာ သုံးစွဲသူတွေက ပွင့်လင်းမြင်သာစွာ သိခွင့်ရမှာဖြစ်လို့ ဘာလုပ်ထားရင် ဘယ်လောက်ကုန်မယ်ဆိုတာ သိနိုင်လို့ မသမာမှုတွေလည်း လျော့ကျကုန်မယ်" ဟု UENO ကဆိုသည်။
အကောက်ခွန် ဦးစီးဌာန၏ ကြီးကြပ်မှုအောက်တွင် ကုန်သေတ္တာများ ထုတ်ယူရာ၌ ကြန့်ကြာမှုများ ရှိနေပြီး ကုန်သေတ္တာထုတ်ယူရန် ငွေပေးရမှုများ ရှိနေသည်။ MACCS စနစ်အရ မသမာမှုများ လျော့ကျသည် ဆိုရာတွင် ထိုသို့ လာဘ်ပေး လာဘ်ယူမှုများလည်း ပါဝင်ကာ အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ထိတွေ့ရမှု နည်းပါးလာသဖြင့် ပွင့်လင်းမြင်သာမှု ပိုမိုဖြစ်ပေါ်လာကာ ပြဿနာများလည်း နည်းပါးလာမည်ဟု UENO က ဆက်လက်ပြောကြားသည်။
အကောက်ခွန် ဦးစီးဌာန၏ အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံမှုအတွက် လက်ရှိအချိန်တွင် နေ့စဉ်ငွေလဲနှုန်း (Daily Exchange Rate) ဖြင့် အသုံးပြုနေရာမှ အပတ်စဉ်ငွေလဲနှုန်း (Weekly Exchange Rate) ဖြင့် အသုံးပြုမှုအား ယခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက အသိပေးချက် ထုတ်ပြန်ထားသည်။
အကောက်ခွန် ဦးစီးဌာန အနေဖြင့် သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းများကို လက်ရှိတွင် Manual စနစ်ဖြင့် လုပ်ဆောင်နေပြီး အခွန်ကောက်ခံမှုအတွက် လိုအပ်သော ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်ပေးနေသည့် ငွေလဲနှုန်းဖြင့် တွက်ချက်ကောက်ခံနေပြီး ငွေလဲနှုန်း ကြေညာမှုမရှိသည့် နေ့ရက်များအတွက် နောက်ဆုံးကြေညာသည့် ရက်၏ ငွေလဲနှုန်းဖြင့် အခွန်စည်းကြပ် ကောက်ခံနေကြောင်း သိရသည်။
ထိုသို့ ကောက်ခံနေရာမှ ယခုနှစ်အတွင်း စတင်အကောင်အထည် ဖော်ဆောင်လာမည့် Myanmar Automatic Cargo Clearence စနစ်အား ပြောင်းလဲကျင့်သုံးရန် လုပ်ဆောင်လာသဖြင့် နေ့စဉ်ငွေလဲနှုန်းအား အသုံးပြုရန် မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသဖြင့် အပတ်စဉ် ငွေလဲနှုန်းအား အသုံးပြုကာ အခွန်ကောက်ခံမှု ပြုလုပ်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ နေ့စဉ်ငွေလဲနှုန်းဖြင့် အခွန်စည်းကြပ် ကောက်ခံနေရာမှ အပတ်စဉ်ငွေလဲနှုန်းဖြင့် အခွန်စည်းကြပ် ကောက်ခံရန် စီစဉ်သည့်အပေါ် မြန်မာနိုင်ငံ ဗဟိုဘဏ်ကလည်း လက်ရှိပြောင်းလဲမည့် စနစ်သည် လွယ်ကူပြီး ပွင့်လင်းမြင်သာရှိသည့် စနစ်ဖြစ်ကြောင်း သဘောထားမှတ်ချက်ပြုပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ သတ်မှတ်မည့် အပတ်စဉ် ဈေးနှုန်းသည် စတင်ကောက်ခံမည့် ဧပြီ ၁ ရက် မတိုင်မီ မတ်လနောက်ဆုံး အပတ်တွင် ဗဟိုဘဏ်က သတ်မှတ်ခဲ့သည့် နေ့စဉ်ပေါက်ဈေး ငါးရက်စာကို စုစည်း၍ ပျမ်းမျှတန်ဖိုး တွက်ချက်ကာ အဆိုပါ တန်ဖိုးသည် သတ်မှတ်လိုသည့် အပတ်စဉ်အတွက် အပတ်စဉ် စည်းကြပ်ကောက်ခံမည့် ငွေလဲနှုန်းဖြစ်သည်။ ထိုသို့ အပတ်စဉ် ကောက်ခံမှုသည် တနင်္ဂနွေနေ့ နံနက် ၁၂ နာရီ ၁ မိနစ်မှ စတင်၍ စနေနေ့ည ၁၂ နာရီတွင် ကုန်ဆုံးမည်ဖြစ်ကာ အပတ်စဉ် ငွေလဲနှုန်း တွက်ချက်ထားမှုကို အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။
 

Most Read

Most Recent