သစ်တောအကြောင်း ပြောချင်သေးသဗျာ

သစ်တောအကြောင်း ပြောချင်သေးသဗျာ
Published 19 March 2016
ဖိုးလမင်း (ဆင်ဖြူကျွန်း)

သစ်တောကို သယံဇာတလို့ တချို့က မပြောချင်ကြဘူး။ ကျောက်သံပတ္တမြား၊ ရေနံတို့သာ ထင်နေကြတာ။ စိန်တွေ၊ ကျောက်တွေ၊ ရေနံတွေဆိုတာ မမြင်မသိ ရှာကြရတာ။ ရှာပြီးမရလို့ မွဲသွားကြတာ ရှုံးသွားကြရတာတွေလည်း ရှိပါတယ်။ သယံဇာတ တစ်ခါထုတ်ပြီးရင် နောက်မရဘူး။ သစ်ကလည်း ခုတ်ပြီးပြန်ရဖို့ ခက်လှပါတယ်။ အတော်ပြန်စိုက်နိုင်မှ ဒီလို သစ်ရနိုင်တာပါ။ အဖိုးတန်တွေဆိုတော့ ရချင်ကြတာပေါ့ဗျာ။ ခုတော့ တောတွေက ပြုန်းကုန်ကြ၊ သစ်တွေ ရှားပါးတန်းဝင် အဖိုးတန်လှနေပါပြီလေ။ ကျွန်း၊ ပိတောက်၊ တမလန်း၊ တစ်တန် (ကုဗပေ ‘၅၀’) သစ်လုံးတန်ကတော့ အလျားနဲ့ လုံးပတ် ၁/၄ မြောက်ထားတဲ့ ကုဗ ‘၅၀’ တစ်တန်ပါ။ အဲဒါပေါက်ဖော်ကြီးတို့ သိန်း (၇၀/၈၀) တောင်ပေးသတဲ့။ တကယ် တန်ဖိုးကြီးတွေ ဖြစ်လာနေပြီး ကျောက်တဲ့ပိုလွယ်တာက မျက်မြင်ရှာနိုင်၊ ခုတ်ယူနိုင်တော့ အပိုင်ရနေတာပေါ့။ ဒီတော့ သစ်က အလိုလို သယံဇာတဖြစ်တော့တာ။ ဒါထက်သစ်က မရှိမဖြစ်၊ ပစ္စည်းလေ၊ သူရှိရင် ရာသီဥတုအတွက် ကောင်း၊ မိုးလေဝသကောင်း၊ ချောင်းကောင်း မြစ်ကောင်းကြီးတွေဖြစ်လို့ အကျိုးများလိုက်သမှ မပြောနိုင်တော့ဘူး။ ဒီနိုင်ငံမှာ ‘၇၀’ ရာခိုင်နှုန်းကျော် တောတွေရှိလို့ အကျိုးများလှ တောတွေ မရှိကြတော့ ဒုက္ခရောက်ခဲ့တာများ လှပုံ၊ ပြည်သူအားလုံး သိနေကြရပြီ မဟုတ်လား။ မိုးလမမှန် ရေတွေကြီးလို့ ဘယ်လောက် ဒုက္ခရောက်ခဲ့ကြ။ အဲဒါအမှန်ကတော့ သစ်တောကျိန်စာလို့တောင် ဆိုကြပြီ။ တောမရှိသရွေ့ လာမယ့်နှစ်တွေ အထူးသတိထားကြဖို့ လိုပါသဗျာ။ဒီအဖိုးတန်သစ်တွေအတွက် အင်္ဂလိပ်က ဒီပြည်ကို နှစ်တစ်ရာကျော် ကျွန်ပြုခဲ့တာဟာလည်း တစ်ကြောင်းပါတယ်ဗျ။ ဒါပေမဲ့ နိုင်ငံကြီးသားဆန်ဆန် ဒီနိုင်ငံတော်ကြီးကို စနစ်တကျလုပ်ပြီး တောတွေ သစ်ထုတ်ခဲ့တဲ့အတွက် ဒီတစ်ချက်ကတော့ ကျေးဇူးတင်ထိုက်ပါတယ်။တောတွေ သုတေသနလုပ်ပြီး စနစ်တကျ နှစ်တစ်ရာ သစ်ထုတ်ရေး စီမံကိန်း (Working Plan) ရေးဆွဲခဲ့ပါတယ်။ တောတွေ စနစ်တကျ ကြိုးဝိုင်းဖွဲ့၊ တောမပြုန်းနိုင်အောင် သစ်ထုတ်ပြီး ထာဝရ ဒီနိုင်ငံမှာ သစ်တောတွေ ရှိစေမယ့် နည်းလမ်းတွေ ချပေးခဲ့တယ်။ သစ်တောတွေ စနစ်တကျ ကြိုးဝိုင်းတွေ ဖွဲ့စည်းပြီး သစ်ကို နှစ် “၃၀” ခုတ်ပတ် (နှစ်သုံးဆယ်မှတစ်ကြိမ် ထုတ်တဲ့စနစ်)၊ သစ်ခုတ်ပြန်ရင်လည်း တောမပြုန်းအောင် ရွေးချယ် သတ်မှတ်ထုတ်တဲ့ စနစ် (သစ်ပင်လုံးပတ် သတ်မှတ်ချက်နဲ့ထုတ်) သစ်ခုတ်ခွင့်ပေးဖို့ သင်းသတ်တဲ့အချိန်၊ သစ်တောပြုစု ပျိုးထောင်တဲ့ လုပ်ငန်းလေးတွေလည်း လုပ်ကြရပါတယ်။လွတ်လပ်ရေးရပြီး နှစ် ‘၄၀’ အကြာ ‘၁၉၈၈’ နောက်ပိုင်း တောတွေ အထင်အရှား ပြုန်းကုန်တော့တာပါ။ ဒါကို ဘယ်သူမှလည်း မပြောဆိုရဲဘူးလားမသိ။ မသိသလိုနေရင်း အရှိန်အဟုန်နဲ့ ပြောင်ကုန်တော့တယ်လေ။ အမှန်ဆုံး တစ်ချက်ကတော့ ဆရာကြီးတို့ တော်ကြတာလား။ ချစ်ကြလို့လားမသိ။ ငွေရေးကြေးရေး ဒုက္ခတွေ ဖြစ်တော့တာကို။ သံရုံးတွေ လစာတောင်ပေးဖို့ အခက်အခဲဖြစ်နေဆိုပဲ။ ဒီတော့ သစ်ကို နည်းစနစ်နဲ့ မထုတ်ဘဲ လိုသလောက် စီမံကိန်း ရေးဆွဲပြီး ထုတ်တော့တာ။ ဒီလို ဒုက္ခရောက်နေရင် သယံဇာတတွေ သစ်တွေ ဘာလုပ်ရမလဲ။ လိုတာထုတ်ရမှာ ပဲပေါ့။ ဘိန်းစားများ ဘိန်းပြတ်ရင် မိန်းမထဘီတောင်မချန် ရောင်းတော့တာပဲ မဟုတ်လား။ မကြာခင် လလောက်က သတင်းစာမှာ နောင်ဆိုရင် သစ်ပင်လှဲပြီး တံဆိပ်မရိုက်ဖို့ လုပ်ပါတော့မယ်တဲ့။ ရှေးကထုတ်မယ့် သစ်ပင်ကို တံဆိပ်ရိုက် သတ်မှတ်တယ်။ အဲဒီအပင်တွေမှ လှဲရတယ်။ လှဲပြီးတဲ့အခါလည်း မှန်မမှန် စစ်ဆေး တံဆိပ်ရိုက်ရတယ်လေဗျာ။ကုန်တော့ကုန်ပါပြီ ခင်ဗျာ။ ကြားကောင်းအောင် ကြည့်ကောင်းအောင်တော့ လုပ်ကြသေးရဲ့။ ဥပမာ သစ်လုံးလိုက် မရောင်းတော့ပါဘူးဆိုပဲ။ တကယ်တော့ ဟန်ပြလေ။ သစ်လုပ်ငန်းက တကယ်လုပ်ရမှာက ထုတ်တာ ရောင်းရတာပါ။ သစ်လုပ်ငန်းကလူတွေ ဒီနေ့ ကျန်ရှိနေပါသေးတယ်။ အခုအခေါ် မိုးကျတွေပါ။ ဒီကိစ္စအများကြီး စဉ်းစားကြပါတယ်။ လက်တွေ့မှာ သစ်လုံးရောင်းတာက သစ်ခွဲသားရောင်းတာထက် ဝင်ငွေအများကြီး ပိုရလို့ပဲ ဖြစ်ပါတယ်။ ကျွန်းသစ်လုံးခွဲရင်ခွဲသား ‘၄၀’ ရာခိုင်နှုန်း သစ်မာ၊ အင်ကညင်ဆိုရင် ‘၅၀’ ရာခိုင်နှုန်းလောက် အကြမ်းဖျင်းရတာ၊ သစ်လုံးနဲ့ ခွဲသားက ရောင်းဈေးက သိပ်မခြားနားပါဘူး။ နိုင်ငံခြားမှာက စက်တွေကကောင်းတော့ ခွဲသားပိုထွက်။ ကျန်တဲ့ပကာ လွှစာကအစ သုံးလို့ရပြီ။ ဒီနိုင်ငံမှာက ထင်းလောက်ပဲဗျ။ တကယ်တော့ သစ်လုံးမရောင်းဘဲ သစ်လုံးကြီးခွဲပြီးမှ ခွဲသားထွက်တာ ရောင်းရတာပါလေဗျာ။ အဲဒီတော့ သစ်လုံးရဲ့ တစ်ဝက် ခွဲသားထွက်တာ ထုတ်တာရောင်းတာပါ။ ပရိဘောဂ လုပ်ရောင်းမယ်ဆိုရင်လည်း သိတဲ့အတိုင်း ဘယ်လောက်အဆင့်ကောင်းမှာမို့လဲ၊ ဒီလုပ်ငန်းမျိုးကို အချိန်အတော်ယူ ဆောင်ရွက်နိုင်မှ ဖြစ်မှာပါ။သစ်ပင်ခုတ်တာ မိနစ်ပိုင်းပါပဲဆိုပါတော့။ လုံးပတ် ခုနစ်ပေ ခြောက်လက်မ ကျွန်းတစ်ပင်ကို ခုတ်လှဲလိုက်ပြီ ဆိုပါတော့။ ဒီအပင်မျိုး ဖြစ်ဖို့ရာက နှစ် ၈၀ နဲ့ ၁၀၀ ကြာမှရမှာ။ ဒီလောက်နှစ်ကို သားစဉ်မြေးဆက် သုံးနှစ်ဆက်လောက် ကြာမှာဆိုတော့ အသေအချာလည်း မဖြစ်နိုင်ဘူး။ ခုလိုတောတွေက ရာခိုင်နှုန်း ‘၈၀’ လောက် ပြောင်ကုန်တော့။ ဒီတော ပြန်ဖြစ်ဖို့ ခက်ပြီပေါ့ဗျာ။ ငွေရှိလို့ စိုက်မယ်ဆိုရင်တောင် ခက်လှပါတယ်လေ။ ဒီတော့ ကျေးဇူးရှင်ကြီးများက သစ်တောဆိုတဲ့ ဇာတ်ကားကို ပြည်ဖုံးကားချတော့တာ ထင်ပါရဲ့။ သစ်တောဝန်ကြီး ဌာနကြီး သဘာ၀ ပတ်ဝန်းကျင်ထဲထည့်ပြီး ဖျောက်တော့တာဘဲ ထင်မိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောကြမယ်ဆိုရင်တော့ တောကိုမေ့ပြစ်စေချင်ပြီလို့ ဆိုရမလား ပါပဲ။လွတ်လပ်ရေး ရလိုက်တာနဲ့အတူ ဤနိုင်ငံပိုင် လုပ်ခဲ့ကြတာ။ ပြီးတော့ ရှိနေတဲ့ သစ်ကုမ္ပဏီ အားလုံးလည်း ပြည်သူပိုင်သိမ်း၊ သစ်တောဌာနနဲ့ သစ်လုပ်ငန်းအဖွဲ့ နှစ်ခုဖွဲ့ပြီး သစ်တောဌာနကို ပြုစုထိန်းသိမ်း ကာကွယ်ရေးအတွက် အိန္ဒိယက (Forest Act 1920) နဲ့အတူ စီမံအုပ်ချုပ်စေခဲ့တော့တာပါ။ သစ်လုပ်ငန်း အဖွဲ့က နိုင်ငံတော် အနေနဲ့ သစ်ထုတ်ခြင်း၊ ပြည်တွင်းပြည်ပ ရောင်းချခြင်းကို လုပ်စေတာဖြစ်တယ်။ ဘယ်ပုဂ္ဂလိကမှ မပါဘူးဗျာ။ အဲဒါအထူး သတိထားသင့်တယ်လေ။ လောဘသားတွေ မကပ်စေချင်ဘူး။ အခွင့်အာဏာနဲ့ဆိုရင် ပိုအန္တရာယ်များမှာမို့လို့ ယူဆနိုင်ပါတယ်လေ။ သစ်ထုတ်မယ့် စနစ်ကလည်း အင်္ဂလိပ်နည်းအတိုင်း ရွေးချယ်ထုတ်တဲ့ စနစ် (Selection System)။ လိုအပ်တဲ့ ဝန်ထမ်းတွေ ပျဉ်းမနား နောက်ပြင်ဦးလွင်မှာ သင်တန်းပေး ခန့်တယ်။ အရာရှိတွေကို ရန်ကုန်တက္ကသိုလ် သစ်တောဌာန (Forestry Department) မှ နှစ်စဉ်လိုသလောက် သစ်တောဌာနနဲ့ သစ်လုပ်ငန်းအတွက် သစ်တောရေး သိပ္ပံဘွဲ့ (Bachelor of Science in Forestry) ထောက်ပံ့ကြေးပေး ရွေးချယ်တက်ရောက်စေပြီးမှ ပြန်တမ်းဝင် အဆင့်ခန့်တယ်။ သစ်လုပ်ငန်းမှာဆိုရင် ဦးဆောင်ညွှန်ကြားရေးမှူးလို ရာထူးကို အငြိမ်းစား သစ်တောမင်းကြီးချုပ်ကို ခန့်လေ့ရှိတယ်ဗျာ။ ဒီလိုလုပ်ကိုင်လာတာက ရှင်းလင်းစွာပဲ ဒီသစ်တောတွေ ထာဝစဉ် တည်တံ့ခိုင်မြဲရေးနဲ့ သစ်တောတွေ မဆုံးရှုံး မထိခိုက်အောင် လိုတဲ့သစ်တွေ နိုင်ငံအတွက် ထုတ်လုပ်ဖို့ တကယ်ကောင်းမြတ်တဲ့ ရည်မှန်းချက် နည်းစနစ်နဲ့ ဆောင်ရွက်ခဲ့ကြတယ်လေ။တောတွေလည်း ကုန်သလောက်ပဲလေ။ အမြန်သစ်တောတွေ ရှိလာအောင် လုပ်ကြရမယ်လေ။ တောမရှိရင် တောမရှိတဲ့ အန္တရာယ်တွေ၊ တောရှိမှ အကျိုးတွေရနိုင်မှာ ပြည်သူတွေ ခုသိကုန်ကြပြီ။ အကောင်းဆုံး နည်းကတော့ ကာကွယ်ခြင်းပါပဲ (Protection) အကုန်အကျ အနည်းဆုံးဆိုပေမယ့် အထိရောက်ဆုံးဖြစ်မှာ ဖြစ်ပါတယ်။ ဟိုယခင်က သစ်တောဌာနမှာ လက်နက်ကိုင်အဖွဲ့ ရှိခဲ့တယ်။ ပျဉ်းမနား သစ်တောဝန် ဦးစိုးလင်း တပ်ဖွဲ့က တိုင်းပြည် လုံခြုံရေးမှာတောင် နာမည်ကြီးခဲ့တယ်။ ခုအခြေအနေမှာတော့ လက်နက်ကိုင် အဖွဲ့ပါမှပဲ ကာကွယ်နိုင်မှာပါ။ သစ်တောဌာနမှာ စိုက်ပျိုးနည်းတစ်ခုက တောင်ယာစိုက်ခင်းပါပဲ။ (Taungyar Plantation Method) ဒီစနစ်က ကမ္ဘာမှာတောင် ကျော်ကြားခဲ့ပါတယ်။ တောင်ယာနဲ့တွဲပြီး သစ်တောစိုက်ခင်း တည်ထောင်တဲ့ စနစ်ပါပဲ။အဓိကကတော့ သစ်တောကြီးများ မြန်နိုင်သမျှ မြန်မြန်ဖြစ်ထွန်းဖို့ပါပဲ။ ဒီမှာတောဟာ ထာဝရ ရှိရမယ်၊ ရှိဖို့လိုတယ် မဟုတ်လား။ ဗုဒ္ဓတရားအရ အတ္ထိပစ္စယော သစ်တောဟာ ရှိရင်ကောင်းတယ်။ အမြဲရှိနေရမယ်။ သစ်တော သစ်လုပ်ငန်း ဌာနတွေရဲ့ အရာရှိတွေကို သစ်တောသိပ္ပံဘွဲ့ရပြီး ခန့်ထားခဲ့ကြတာ။ အချို့ဝန်ထမ်းတွေက သစ်တောပညာရှင်ဟာ သူတို့မဟုတ်ကြောင်း၊ ပုဂ္ဂလိကကိုလွှဲပြီး စိုက်ခိုင်းကြောင်း၊ ပုဂ္ဂလိကကိုလွှဲပြီး စိုက်ခိုင်းမှ အောင်မြင်မယ်ဆိုလို့လည်း ပြောနေကြလေရဲ့။ သစ်တောပညာ သင်ခဲ့ပါလျက် နှစ်ပေါင်းများစွာ အရာရှိများ အဆင့်ဆင့် တာဝန်ဆောင်ရွက်ခဲ့ပါလျက် သစ်တောပညာ မသင်ခဲ့ရ မတတ်ခဲ့တဲ့ သဘောပြောတာများဟာ တစ်ချိန်က တက္ကသိုလ်ကြီးက ဆရာကြီးများကြားရင် ရင်ထုမနာတော့ဖြစ်မှာ အမှန်ပါပဲ။ ဒီတက္ကသိုလ်ကြီးမှာဆိုရင် ထိုင်းနိုင်ငံ၊ နီပေါနိုင်ငံက ပညာတော်သင်များနဲ့ပါ အနိုင်နိုင်ငံမှာ ဂုဏ်ရောင်ပြောက်တဲ့ တက္ကသိုလ်ကြီးပါဗျာ။ ပုဂ္ဂလိကတွေ ပေးရမယ် ဆိုတော့လည်း ပေးတဲ့သူတွေအတွက်တော့ ပျော်စရာကြီးလည်း ဖြစ်မှာပါ။ တကယ်ဖြစ်မယ့် အမှန်တရားဟာ ပုဂ္ဂလိကတောကို ပုဂ္ဂလိကပဲပိုင်တော့ ငွေလိုရင်၊ အမြတ်ကောင်းရင် သူသဘောလေဗျာ။ သဘောကျ ထုတ်နိုင်မှာပေါ့။ လိုချင်တာက ထာဝရလေ။ လက်ထဲက ကြက်ဥချုံထဲက ကြက်မထက် တန်ဖိုးကြီးတယ်ဆိုတဲ့ စကားပုံလေးများ သတိရစေချင်ပါတယ်။ ပုဂ္ဂလိက သူတို့အကုန်ခံ နှစ်ပေါင်းများစွာ ပျိုးထောင်ရတဲ့ တောအတွက် သူတို့လိုရင်တော့ စိတ်ကြိုက်ခုတ်မှာပဲလေ။ ရောင်းမယ်လေ။နိုင်ငံအတွက် အနည်းဆုံး “၃၀ကနေ ၄၀” ရာခိုင်နှုန်း တောကြီးရှိဖို့ လိုကိုလိုပါတယ်။ နိုင်ငံပိုင်မှ စိတ်အချရဆုံး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အတော်များများ ပုဂ္ဂလိက လွှဲပေးပြီး မဟုတ်လား။ အဲဒီမြေတွေ ခုဘာလုပ်ထားကြသလဲ။ ဘာလုပ်ဖို့ ပေးခဲ့သလဲ။ အမှန်ကန်ဆုံး စစ်ဆေးကြည့်ဖို့တော့ လိုနေပြီ။ ပုဂ္ဂလိကတွေပေးပြီး ဘေးမတွေ့စေချင်ပါဘူး။ ပေးခဲ့တဲ့သူတွေက ရွှေလင်ပန်းနဲ့ အချင်းဆေး မင်းမွေးတဲ့လူတွေ၊ ထိပ်ဆုံးကနေ အရာရှိမြင့်မြင့်အထိ ရယူထားတဲ့သူတွေ ဘာတွေလုပ်ခဲ့ကြသလဲ။ ပြည်သူအများကတော့ ပြောနေကြတာ အသံတွေများမှများ ကျယ်မှကျယ်ဗျာ။ တောတွေ တကယ်ပြည်ဖြစ်ရှိဖို့ လိုမှလိုပါဗျာ။ ပြည်သူတွေရဲ့ ကံကြမ္မာလို့လည်း ဆိုနိုင်ပါတယ်။ သစ်တောစိမ်းစိမ်းကမှ ပြည်အေးငြိမ်းမယ်ဗျာတို့။

Most Read

Most Recent