ဥရောပ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချီးမြင့်သည့် ချန်ပီယံလိဂ် ဆုဖလားမှာ ယင်းပြိုင်ပွဲကို စပွန်ဆာပေးမည့် Heineken ၏ အစီအစဉ်ဖြင့် လာမည့်မတ် ၂၀ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့သို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အာဆင်နယ် ကစားသမားဟောင်း ယွန်းဘတ်မှာလည်း ချန်ပီယံလိဂ်ဖလား ခရီးစဉ်အတွက် ဘောလုံးသံတမန်အဖြစ် ရန်ကုန်မြို့သို့ လာရောက်မည် ဖြစ်သည်။Heineken ၏ အစီအစဉ်အရ ဥရောပ ချန်ပီယံလိဂ်ဖလားမှာ မတ် ၂၀ ရက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးမှ စတင်ကာ ရွှေဂုံတိုင်၊ ဘုန်းကြီးလမ်း၊ လှည်းတန်းမှတစ်ဆင့် ဆီဒိုနားဟိုတယ်သို့ လှည့်လည်မည် ဖြစ်သည်။ မတ် ၂၁၊ ၂၂၊ ၂၃ ရက်တွင် ပရိသတ်များအတွက် အစီအစဉ်များ ပြုလုပ်ပေးမည်ဖြစ်ပြီး မတ် ၂၅ ရက်တွင် အာဆင်နယ် ကစားသမားဟောင်း ယွန်းဘတ်နှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။ မတ် ၂၆ ရက်တွင် မြန်မာဘောလုံး ပရိသတ်များအတွက် ချန်ပီယံလိဂ် ဖလားနှင့် ဓါတ်ပုံတွဲရိုက်ခြင်း အပါအဝင် အခြားအစီအစဉ်များကို ရွှေထွဋ်တင်ကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။ Heineken သည် ယင်းအစီအစဉ်များအတွက် သတင်းစာ ရှင်းလင်းပွဲကို မတ် ၁၅ ရက်က ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ချန်ပီယံလိဂ်ဖလားမှာ မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းဖြစ်ပြီး လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချီးမြင့်မည့် ဆုဖလားအစစ် ဖြစ်ကြောင်း သိရသည်။
ဥရောပ ချန်ပီယံလိဂ်ဖလား မတ် ၂၀ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်ပြီး အာဆင်နယ် ကစားသမားဟောင်း ယွန်းဘတ် ဘောလုံးသံတမန်အဖြစ် လာရောက်မည်









