ရှင်ပြုရာသီ

ရှင်ပြုရာသီ
Published 15 March 2016
မောင်မင်းစိုး

"မေမေ သင်္ကန်းရွက်လို့ကွယ်. . ဖေဖေသပိတ်လွယ်.. ညီမလေးငယ် အလှဆုံး ကွမ်းတောင်ကိုင်လို့ ပြုံး၊ မမလေးက ပန်းတောင်ကိုင် အိုးစည်ဝိုင်းက မြိုင်လှတယ်.. မြင်းကြီးပေါ်မှာ မောင်ရင်လောင်းရယ်.. ရွှေထီးကလေးကို ဆောင်းတယ်၊ သားရှင်ပြု အလှူပွဲမယ် ပီတိတွေကဲ ရင်ထဲမယ်.. နိဗ္ဗာန်ကို ရည်မှန်းလို့သာ ဒါနမှန်ပေတယ်၊ ထမင်းရည်ချောင်းစီး မောင်းတီးလို့ရယ်.. အရပ်လေးမျက်နှာ ကျွေးမွေးပြန်တယ်.. နိဗ္ဗာနဿ ပစ္စယော ဟောတုကွယ်" စသည့် တံတွေးသိန်းတန်၏ သီချင်းသံသည်ကား ယခုလိုရာသီတွင် မကြားချင်မှအဆုံး ဖြစ်နေပေသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံ တစ်ဝန်းမှာ ရှင်ပြုပွဲများ ကျင်းပသည့် အချိန်ကာလဖြစ်သည်။ ပွင့်လင်းရာသီ ဖြစ်သည်ကတစ်ကြောင်း၊ ကျောင်းသားများ အနေဖြင့် စာသင်နှစ်တစ်နှစ် ပြီးဆုံးချိန်ဖြစ်သည်က တစ်ကြောင်း၊ တောရွာများတွင် လယ်ယာလုပ်ငန်းများ ပြီးဆုံး၍ ခေတ္တခဏ နားထားသည့်ကာလဖြစ်သည်က တစ်ကြောင်းဟု ထင်သည်။
အထူးသဖြင့် ကျေးရွာများအနေဖြင့် တတ်နိုင်ရင် တတ်နိုင်သလို ဆိုင်း၊ အငြိမ့်၊ ဇာတ်ပွဲများကို ထည့်သွင်းသည့် အတွက် ယခုလို ပွင့်လင်းရာသီကျင်းပမှသာ မိုးဒဏ်စသည့် ဘေးမှကင်းဝေး စေတာကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ ယခုကာလသည်ကား တောရောမြို့ပါမကျန် ရှင်ပြုပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေသည့် ကာလဟု ဆိုချင်သည်။
တောရွာများတွင် အနှစ်နှစ်အလလ စုဆောင်းထားသော ငွေကြေးသိန်းပေါင်းများစွာ ကုန်ခံပြီး လှူဒါန်းသည့်ပွဲ ဖြစ်သည်ကြောင့် လားတော့မသိ။ အလှူရှင်များ အနေဖြင့် တစ်လလောက်ကပင် ကြိုတင်ပြီးတော့ အလှူပွဲကြီး အောင်အောင်မြင်မြင် ပြုလုပ်နိုင်ရန် စီစဉ်ကြရသည်။ ဝယ်ပြီးစုဆောင်း သင့်သည်များကို စုဆောင်းကြရသည်။ ထိုမှတစ်ဆင့် အလှူပွဲနီးကပ် လာသည်နှင့်အမျှ ပဲချဉ်သိပ်ကြရသည်။ ငှက်ပျောအုပ်ကြရသည်။ ဆန်ပြာခြင်း၊ ကြက်သွန်လှီးခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ ထမင်းရုံဆောက်ခြင်း စသဖြင့် အလှူမတိုင်ခင် နေ့စဉ်လိုလို လုပ်အားပေးကြရသည်။
အလှူပွဲနေ့တွင်လည်း အဆင်သင့် ဆောက်ထားသော ထမင်းရုံများတွင် ထမင်းချက်ပြီး ကျွေးမွေးကြရသည်။ အမျိုးသားများ အနေဖြင့် ထမင်း၊ ဟင်းပွဲများ ပြင်ဆင်ကြခြင်း၊ လိုက်ချခြင်း၊ အမျိုးသမီးများ အနေဖြင့် ရေခပ်ခြင်း စသဖြင့် အားလုံးလိုလို မိမိတို့၏ အလှူသဖွယ် ဝိုင်းဝန်းပြီးတော့ လုပ်အားဒါန ပေးကြသည်မှာလည်း ချစ်စရာကောင်းသည့် ဓလေ့ဖြစ်ပေသည်။ အလှူနေ့တွင် အဓိကကျသော ရှင်လောင်းလှည့်ပွဲကြီးတွင် အထူးသဖြင့် အမျိုးသမီးငယ်များ၏ အလှပြခြင်းဟု ခေါ်ဆိုရမည့် နေ့လည်းဖြစ်သည်။ အဆင်သင့် ပွဲမတိုင်ခင် ချုပ်ထားသော အဝတ်အစားသစ်များကို ထုတ်ဝတ်ကြပြီး ကွမ်းတောင်၊ ပန်းတောင်ကိုင်၊ ပရိတ်အိုးရွက်ခြင်း၊ သင်္ကန်းဗန်းကိုင်ခြင်း စသဖြင့် တစ်ရွာလုံး တစ်လမ်းဝင် တစ်လမ်းထွက် အလှူရှင်လောင်းလှည့်ပွဲကြီး၏ ပုံရိပ်သည် ဖုန်တလုံးလုံး ရှိသော်လည်း အလွန်ပင်ပျော်ရွှင် ကြည်နူးစရာ ကောင်းလှပေသည်။
မိမိတို့ငယ်စဉ်အခါက ယခုလိုရှင်ပြုပွဲကြီးတွင် မောင်ရင်လောင်းအဖြစ် လည်းကောင်း၊ ဘုန်းကြီးကျောင်းသား ဖြစ်သည့်အတွက် ရတုရွတ်ခြင်း၊ (သျှိုး)တိုက်ခြင်းဖြင့် လည်းကောင်း လှည်းယာဉ်ပေါ်တွင် တက်စီးလျက် ရှင်လောင်း လှည့်သွားရသည်များ ပါဝင်လျှင် အလွန်ပင် ပျော်ရွှင်မိသည်။
သို့တည်းမဟုတ် မောင်ရင်လောင်းလှည့်ပွဲတွင် မြင်းကြီးပေါ်မှ မောင်ရင်လောင်းအနေဖြင့် ပိုက်ဆံ (ငွေ) ကျဲခြင်းများကို ဖုန်လုံးတွေကြားမှာ လုရသည်မှာလည်း ငွေမရသော်လည်း ပျော်ရွှင်ကြရသည်။ တစ်ခါတလေ မောင်ရင်လောင်းဝှတ်ခြင်း၊ မဏ္ဍပ်အဝင် ကြိုးတားခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ မည်သည့်ယဉ်ကျေးမှု အစဉ်အလာကြောင့် ပြုလုပ်သည်ကို ဂဃနဏ မသိရှိသော်လည်း ပြုလုပ်ရသည်ပင် ကြည်နူးစရာဟု မှတ်ထင်မိသည်။
အထူးသဖြင့် ကျေးရွာများတွင် မြို့ကြီးများလို မဟုတ်ကြပေ။ တစ်ရွာလုံး ရွာဟစ် (ဗျို့ဟစ်) ပြီး လှူကြသည်။ မိမိတို့ရွာများတွင် ခုနစ်ရွာတစ်အုပ်စု ရှိသည်။ သို့အတွက် တစ်ရွာရွာမှ အလှူပေးလျှင် အခြားရွာများသို့လည်း ရွာဟစ်ပြီး အလှူပေးကြသည်။ အလှူမတိုင်ခင် ရွာဆော်ကြီးဦးလှ၏ တစ်လမ်းဝင် တစ်လမ်းထွက် ရွာဟစ်သံသည်ကလည်း မိမိတို့ ကလေးငယ်များ အတွက်တော့ အလွန်ပင် သာယာလှသော အသံတစ်ခုဟု ထင်မြင်မိပါသည်။ အလှူနေ့တွင် ကလေးငယ်များအတွက် ထန်းလက်များနှင့် ကာရံထားသော ထမင်းရုံများတွင် ရှေးဦးစွာ ကျွေးမွေးလေ့ရှိသည်။ ထိုစဉ်က လက်ရေတစ်ပြင်တည်း ဆိုသလို ဒေါင်းဗန်းကြီးထဲတွင် သုံးလေးငါးယောက် အတူစားကြရသည်မှာလည်း ကျန်းမာရေး ဆိုတာပင် သတိထားမိကြဘဲ ပျော်ရွှင်စရာပင်ဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှု တစ်ခုရှိသည်။ အထူးသဖြင့် တောရွာများတွင် အခုထိလည်း ဒီယဉ်ကျေးမှု အမွေအနှစ်ကြီးကို ထိန်းသိမ်းထားဆဲပင်ဖြစ်သည်။ ဗုဒ္ဓဘာသာမှန်လျှင် ယောက်ျားလေးများ အနေဖြင့် ရှင်/ရဟန်း ပြုရမည်ဖြစ်သည်။သို့အတွက် သားယောက်ျားလေးများရှိသော မိဘများအနေဖြင့် ထိုအစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် တစ်သက်တစ်ခါပင်ဖြစ်စေ၊ တတ်နိုင်သရွေ့ဖြစ်စေ အဆိုပါ သားယောက်ျားလေးအား ရှင်ပြုပေးကြရန် ကြိုးစားကြရသည်။ မိမိတို့အနေဖြင့် ဖြစ်သလို နေခဲ့ကြသော်လည်း သိန်းပေါင်းများစွာ အကုန်အကျခံပြီး ရှင်ပြု-နားသ အလှူတော် မင်္ဂလာပွဲကြီးများကို ခြိမ့်ခြိမ့်သဲသဲ ပြုလုပ်ကြသည်။
ယခု ပွင့်လင်းလာသည့် ခေတ်ဖြစ်သည့် အားလျော်စွာ အချို့အနေဖြင့် အလှူပွဲကြီးများနှင့် ပတ်သက်ပြီးတော့ ပကာသနအလှူ၊ အပေါ်ယံအလှူ၊ အနှစ်သာရအလှူ စသဖြင့် ပြောဆိုကြလျက် ဆိုင်း-အငြိမ့်-ဇာတ်ပွဲ စသည်များ ထည့်ကြလျှင် အပြစ်ပြောတတ်ကြသည်။ မိမိအနေဖြင့်တော့ အပြစ်မတင်လိုပေ။ အဘယ့်ကြောင့်ဆိုသော် တောရွာများတွင် ဆိုင်းသံကြားဖို့၊ အငြိမ့်ကြည့်ဖို့၊ ပွဲဈေးတန်းလျှောက်ဖို့ ဆိုသည်မှာ တစ်နှစ်တစ်ခါသော်မျှ ကြုံချင်မှ ကြုံသည်။ တတ်နိုင်သူများ ရှိမှသာ ကြည့်ကြရသည်။ သို့အတွက် အပေါ်ယံအလှူ၊ ပကာသနအလှူဆိုသည့် စကားလုံးဖြင့် အပြစ်တင်မှုများကိုတော့ လက်မခံချင်ပေ။ အားပေးသည် မဟုတ်သော်ငြား လုပ်နိုင်သူ၊ ထည့်နိုင်သူဖြစ်ပါက လုပ်ခြင်း၊ ထည့်ခြင်းကိုတော့ ကြည်ကြည်ဖြူဖြူပင် အားရကျေနပ်မိပါသည်။ သို့သော်လည်း အရိုးရှင်းဆုံးအနေဖြင့် အခြားဖွယ်ဖွယ်ရာရာ မပါဘဲ ရှင်ပြုခြင်းကိုလည်း နားလည်လက်ခံနိုင်ရမည်သာ ဖြစ်သည်။
ရှင်ပြုခြင်းကို သားတော်ရာဟုလာ၏ အမွေတောင်းခြင်းမှ အစပြု၍ ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။ ယင်းကို စစ်မှန်သည့် အမွေအဖြစ် လောကီစည်းစိမ်ချမ်းသာထက် သာလွန်မြတ်သော လောကုတ္တရာ အမွေကို ပေးခြင်းအဖြစ် ရှင်ပြုခြင်းကို အမွေပေးခဲ့သည်။ ထိုမှစတင်ကာ ယခုအချိန်အထိ တတ်နိုင်လျှင် တတ်နိုင်သလို ရှင်ပြုအလှူပွဲကြီးများကို ဗုဒ္ဓဘာသာဝင်များ အနေဖြင့် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ခြင်းဟု ထင်ပါသည်။
အချို့က အစဉ်အလာကို ချိုးဖျက်မှ ခေတ်မီသည်ဟု ထင်ကြသည်။ ဆိုပါစို့၊ အလှူပွဲတွင် ဘုန်းတော်ကြီးများ လှူရာတွင် ငှက်ပျောပွဲ အုန်းပွဲ ပါဝင်ခြင်းကို အပြစ်တင်ကြသည်။ ဇာတ်ပွဲ-ဆိုင်းပွဲ ပါဝင်သည်ကို အပြစ်တင်ကြသည်။ မိမိအနေဖြင့်တော့ ရိုးရာယဉ်ကျေးမှုများကို လက်ဆင့်ကမ်း သယ်ဆောင်ရာတွင် မိမိအနေဖြင့် ပြုလုပ်သော လုပ်ငန်းသည် အခြားသူများအား မထိခိုက်ဘူးဆိုလျှင် အပြစ်မတင်ချင်ပေ။ နတ်ပြလိုက ပြပါစေ။ "ကိုးကွယ်ခြင်းမှ မဟုတ်တာ" ဟုသာ ပြောဆိုချင်ပါသည်။
သာသနာ့အမွေခံခြင်းနှင့် ပတ်သက်၍ အသောကမင်းကြီး၏ အကြောင်းကို သာဓကပြလေ့ ရှိပါသည်။ ယင်းတွင် မိမိ၏ သားဖြစ်စေ၊ သမီးဖြစ်စေ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်မှ သာသနာ့အမွေခံဟုဆိုခြင်း ဖြစ်ပါသည်။ အဆိုပါ အယူသည် သီဟိုဠ်ကျွန်းခေါ် သီရိလင်္ကာ သာသနာအတွက် မျှော်တွေးပြီးတော့ အရှင်မဟာ မောဂ္ဂလိပုတ္တမထေရ်မှ မင်းကြီး၏သားတော် ရှင်မဟိန္ဒ၊ သမီးတော် သင်္ဃမိတ္တာတို့၏ သာသနာ့ဘောင်ဝင်မည့် အရေးကို မျှော်တွေးပြီးတော့ ပြောဆိုခဲ့သည့် စကားဖြစ်ပါသည်။ သို့အတွက် လက်ခံလျှင်လည်း အပြစ်မဖြစ်နိုင်သလို၊ လက်မခံလည်း အပြစ်ဖြစ်မည် မဟုတ်ပေ။ သို့သော်စစ်မှန်သည့် မြတ်ဗုဒ္ဓချမှတ်သည့် နည်းလမ်းဥပဒေသများကို လိုက်နာကျင့်သုံး နေထိုင်ခြင်းကသာ သာသနာ့အမွေကို ခံနိုင်သူ ဖြစ်ပေလိမ့်မည်။
ယင်းသို့ ရှင်သာမဏေ ပြုရာတွင်လည်း မည်သည့်အရွယ်မှာ ပြုရမည်၊ မည်သို့ပြည့်စုံရမည်၊ မည်သည့်အင်္ဂါနှင့် မပြည့်စုံ ချို့ယွင်းနေလျှင်၊ မည်သည့် ပြုကျင့်စရာများ လိုက်နာပွားများရမည် စသည်များကိုလည်း ဝိနည်းကျမ်းများတွင် ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံ ပြဆိုထားပါသည်။ သို့သော် ဒီနေရာတွင် အဓိက ပြောလိုသည့် အချက်မှာ သရဏဂုံသုံးပါးကို ဌာန်ကရိုဏ်းကျကျ ပီပီသသ ရွတ်ဆိုခြင်းသည် အခရာ ကျသည်ဟုသာ ဆိုချင်ပါသည်။ မည်သို့ဆိုစေ မိမိတို့တုန်းက တစ်ပတ်လောက် ကြိုတင်ပြီးတော့ ရွာဦးကျောင်း ဆရာတော်ကြီးထံ သင်္ကန်းတောင်း စသည်များကို သင်ယူပြီး ကျက်မှတ်ခဲ့ကြရသည်ကိုတော့ မမေ့နိုင်ပေ။
မည်သို့ဆိုစေ ရိုးရာဓလေ့ အမွေအနှစ်များကို ထိန်းသိမ်းခြင်းများကို မတိမ်ကော စေချင်ပေ။ လူမျိုးတိုင်းတွင် မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများစွာ ရှိတတ်ကြသည်။ အဆိုပါ ယဉ်ကျေးမှု အမွေအနှစ်များကို အပြစ်မဖြစ်ပါက၊ သို့မဟုတ် သူတစ်ပါးအား မထိခိုက် မနစ်နာပါက ဆက်လက်ပြီးတော့ ထမ်းစေလိုပါသည်။ ခေတ်မမီချင်နေပါစေ။ တစ်ခါတလေ ရိုးရာယဉ်ကျေးမှု ဓလေ့များသည် ယခုမျက်မှောက်ကို မထင်ဟတ် စေသော်လည်း အပြစ်တင်စရာအဖြစ် အသက်သွင်းလျက် မသယ်ဆောင်လိုခြင်း၊ ဖျက်ဆီးလိုခြင်းများကို ပြုလုပ်နေခြင်းကိုတော့ လက်မခံလိုပေ။
သို့အတွက် စစ်မှန်သည့် မိရိုးဖလာ အမွေအနှစ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော ရှင်ပြုရာသီတွင် ရှင်ပြုပွဲများ ခြိမ့်ခြိမ့်သည်းသည်း ကျင်းပခြင်းသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်ပါကြောင်း ထပ်လောင်းပြီး ဆိုလိုက်ချင်ပါတော့သည်။

Most Read

Most Recent