မြဝတီနယ်စပ်မှ တရားဝင် ကားတင်သွင်းမှု ရပ်ဆိုင်းနေသလို ကားဈေးကွက်တွင် Without Car ဝယ်လက် လျော့ကျကာ ဈေးကွက် ပျက်လုနီးပါး ဖြစ်နေ

မြဝတီနယ်စပ်မှ တရားဝင် ကားတင်သွင်းမှု ရပ်ဆိုင်းနေသလို ကားဈေးကွက်တွင် Without Car ဝယ်လက် လျော့ကျကာ ဈေးကွက် ပျက်လုနီးပါး ဖြစ်နေ
Published 14 March 2016
ကိုရွှေသိန်း(မြဝတီ)

မြဝတီနယ်စပ်မှ တရားဝင် ကားတင်သွင်းမှု ရပ်ဆိုင်းခဲ့သလို နိုင်ငံအနှံ့ Without Car များ ဖမ်းဆီးရေး သတင်းကြောင့် မြဝတီနယ်စပ် သောင်ရင်းတစ်ဖက်ကမ်းရှိ ကားဈေးကွက်တွင် ဝယ်လက်လျော့ကျကာ ဈေးကွက် ပျက်လုနီးပါး ဖြစ်နေကြောင်း ကားဝယ်ရောင်း လုပ်သူများထံမှ သိရသည်။“တစ်နိုင်ငံလုံး ဆိုတာထက် နယ်စပ် ကုန်သွယ်လမ်းကြောင်းမှာ အဖမ်းအဆီး ရှိရင်ပဲ အရောင်းအဝယ်က လျော့တာပါ။ ခုက တစ်နိုင်ငံလုံး ဖမ်းမယ်။ ဆီးမယ်ဆိုတော့ ဝယ်သူလုံး၀ မရှိတော့ပါဘူး။ ခုဖမ်းဆီးရေး အသံတိတ်နေတဲ့အတွက် ပြန်လည် အသက်ဝင်လာတာပါ။ ကားဈေးတွေလည်း ယခင်လကလောက် မကျတော့ပါဘူး။ Without ကား အေရောင်းအဝယ် မရှိဘဲ လုံး၀ ငြိမ်နေတာထက် စာရင် နည်းနည်း အလုပ်ဖြစ်တာပေါ့” ဟု ကားဝယ်ရောင်း လုပ်သူ တစ်ဦးက ပြောကြားသည်။မြဝတီမြို့အနီး သောင်ရင်းမြစ် တစ်ဖက်ကမ်းစပ်တွင် ရောင်းသူ ဝယ်သူများနှင့် စည်ကားခဲ့သော ကားဈေးကွက်မှ ယခုအခါ နယ်ဝယ်ရောင်းများ တက်လာခြင်း မရှိသလို အိမ်စီးပင် ဝယ်ယူမည့်သူ မရှိ၍ ယခင်ထက် များစွာ ဈေးလျော့ကျလျက် ရှိသည်ဟု ဆိုသည်။“ဈေးဘယ်လောက်ပဲ လျှော့ရောင်းရောင်း မြန်မာဘက် ဝယ်လက် မရှိရင် လုပ်ငန်း မလည်ပတ်ပါဘူး။ ခုတော့ နည်းနည်း လှုပ်လာတယ်။ နယ်ဝယ်လက်ထက် ဒေသခံတွေ ဝယ်ရောင်းတော့ ဖြစ်နေပါတယ်။ ဝယ်ပြီးသားကားကိုတော့ မပို့ရဲဘူး။ ယခင်က ဘတ်ငါးသောင်းဝန်းကျင် ရှိခဲ့တဲ့ Fit တွေဆို လေးသောင်း ဝန်ကျင်လောက်ထိ ဆွဲရောင်းလာကြတယ်။ ငွေပေါ်အောင် အရှုံးခံပြီးကို ရောင်းသူလည်း ရှိပါတယ်” ဟု နယ်စပ် ကားဈေးကွက်တွင် ဝယ်ရောင်းလုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

Most Read

Most Recent