ကမ်းနားလမ်းပေါ်ရှိ စစ်ထောက်ချုပ်ရုံးပိုင်မြေ သုံးဧကကျော်တွင် အဆောက်အအုံ တည်ဆောက်ငှားရမ်းခြင်းလုပ်ငန်း အပါအဝင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခု MIC ခွင့်ပြု

ကမ်းနားလမ်းပေါ်ရှိ စစ်ထောက်ချုပ်ရုံးပိုင်မြေ သုံးဧကကျော်တွင် အဆောက်အအုံ တည်ဆောက်ငှားရမ်းခြင်းလုပ်ငန်း အပါအဝင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခု MIC ခွင့်ပြု
Published 13 March 2016

ရန်ကုန်တိုင်းဒေသကြီး ကမ်းနားလမ်းပေါ်ရှိ စစ်ထောက်ချုပ်ရုံးပိုင်မြေ သုံးဧကကျော်ပေါ်တွင်  အဆောက်အအုံတည်ဆောက်၍ ပြန်လည်ငှားရမ်းခြင်းလုပ်ငန်း အပါအဝင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုချက် ရရှိခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။မတ် ၁၁ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှှီးမြှုပ်နှံမှုကော်ရှင် အစည်းအဝေး (၉/၂၀၁၆) တွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခုကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှစ်ခု ပါဝင်ကြောင်း သိရသည်။မြန်မာနိုင်ငံရင်းနှှီးမြှုပ်နှံမှုကော်ရှင်အစည်းအဝေး (၉/၂၀၁၆) မှ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများမှာ ပလတ်စတစ်ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ စက္ကူ ထုပ်ပိုးပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ထီးထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ဂွမ်းကပ်မွေ့ရာနှင့် ဂွမ်းကပ်စောင်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ အထည်အလိပ် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် နဝလီ(လက်ခစား) ရယူ၍ ဆောင်ရွက်ခြင်းလုပ်ငန်း၊ Precast Concrete Product ထုတ်လုပ်မှုလုပ်ငန်း၊ B.O.T စနစ်ဖြင့် သဘာဝကို အခြေခံသော အပန်းဖြေစခန်းနှင့် ဟိုတယ်လုပ်ငန်း၊ B.O.T စနစ်ဖြင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း၊ ရုံးခန်း၊ ဟိုတယ်နှင့်အိမ်ခန်းများ ပါဝင်သည့် အဆောက်အအုံဆောက်လုပ်၍ ပြန်လည်ငှားရမ်းခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အလုံလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ စစ်ထောက်ချုပ်ရုံး၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် မြေဧရိယာ ၃ ဒ သမ ၁၆၉ ဧကတွင်  Yangon Triple Co.,Ltd., က Yangon  River View Complex(office,Hotel and Apartment) များပါဝင်သည့် အဆောက်အအုံ နှစ်လုံး တည်ဆောက်၍ ပြန်လည်ငှားရမ်းခြင်း လုပ်ငန်းကို မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့်  လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မတ် ၁၁ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှှီးမြှုပ်နှံမှုကော်ရှင်အစည်းအဝေး (၉/၂၀၁၆) မှ ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ၁၄၃၇ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် ကာလရှည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပြီး ယင်းစီမံကိန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်းခြောက်ထောင် ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။ 

Most Read

Most Recent