မြန်မာနိုင်ငံမှ မတ်ပဲကို အိန္ဒိယဈေးကွက်သို့ အဓိက တင်ပို့လျက်ရှိပြီး ပဲတီစိမ်းကိုမူ အီးယူဈေးကွက်သို့ တိုးချဲ့တင်ပို့လျက်ရှိရာ တင်ပို့မှု တန်ချိန်ပမာဏ တဖြည်းဖြည်း မြင့်တက်နေသဖြင့် လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန်တစ်သောင်းကျော် တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည် အသင်းမှ သိရသည်။
“လက်ရှိမှာ ဥရောပကို ပဲတီစိမ်း သွားနေတယ်။ စပြီးတင်ပို့တဲ့နှစ်က တန်ချိန် ၅၀၀၀ ကျော်လောက်သွားတယ်။ မနှစ်ကတော့ တန်ချိန်တစ်သောင်းကျော်လောက် သွားတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွေမှာ အီးယူကို ပိုပြီးတော့ တင်ပို့နိုင်မယ် မှန်းပါတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည် အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၆ ရက်အထိ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ပဲကြီး၊ ပဲကတ္တီပါ၊ ပဲဖြူ လေး၊ ဘိုကိတ်ပဲ၊ ပဲပုပ်စေ့၊ ပဲနီကြာ၊ နိုင်လွန်ပဲ၊ မြေပဲဆန်စသည့် ပဲမျိုးစုံ ပြည်ပတင်ပို့မှုမှာ တန်ချိန်အားဖြင့် ၁၀၁၅၃၂၈ တန်ကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၉၈၀ ကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် တန်ချိန်ရော တန်ဖိုးပါ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲတင်ပို့သည့် ထိပ်တန်းစာရင်းဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်ပပဲဈေးကွက်သို့ နှစ်စဉ်တန်ချိန်တစ်သန်းကျော် တင်ပို့ရောင်းချလျက်ရှိပြီး မတ်ပဲကို အိန္ဒိယဈေးကွက်နှင့် ပဲတီစိမ်းကို တရုတ်နှင့်ဗီယက်နမ်သို့ အများဆုံး တင်ပို့လျက်ရှိသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ပဲအများအပြား တင်သွင်းနေသည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၇၀ ကို အိန္ဒိယသို့ တင်ပို့ခဲ့ကြောင်း၊ အထူးသဖြင့် မတ်ပဲနှင့် ပဲစဉ်းငုံများ တင်ပို့ခြင်းဖြစ်ကြောင်း၊ အလားတူ အခြားပြည်ပတင်ပို့သည့် ပဲတီစိမ်းကိုမူ အိန္ဒိယနိုင်ငံထက် တရုတ်နိုင်ငံသို့ တင်ပို့မှုများကြောင်း သိရသည်။
ယခုနှစ်ပိုင်းများအတွင်း ပြည်ပနိုင်ငံများသို့ ပဲတင်ပို့မှုဖြင့် နှစ်စဉ်ပြည်ပဝင်ငွေ တစ်ဘီလျံဝန်းကျင် ရရှိနေကြောင်း၊ ယခုနှစ်ပိုင်းတွင် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာသည့်အတွက် ပဲဈေးနှုန်း ကောင်းလာခဲ့သော်လည်း ဈေးကွက်ဝေစုမှာ အကန့်အသတ်ဖြင့် ဖြစ်လာခဲ့သည်။
ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံမှ ပဲတင်ပို့မှုကို တရားဝင် လက်ခံလိုက်ပြီ ဖြစ်သည့်အတွက် ပဲတင်ပို့မှုမှာ ယခင်နှစ်များထက် တိုးတက်လာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိခဲ့သည်။
အီးယူ ဈေးကွက်သို့ မြန်မာနိုင်ငံမှ ပဲတီစိမ်းတင်ပို့မှု တဖြည်းဖြည်း မြင့်တက်လာသဖြင့် လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန်တစ်သောင်းကျော် တင်ပို့နိုင်မည်မှန်း










