ဒီတစ်ပတ်မှာ FA ဖလား ကွာတားဖိုင်နယ်ပွဲတွေ ရှိနေလို့ ပရီးမီးယားလိဂ် ငါးပွဲကိုသာ ယှဉ်ပြိုင် ကစားသွားမှာပါ။ ပွဲအရေအတွက် လျော့နည်းသွားပေမယ့် စိတ်ဝင်စားစရာပွဲတွေတော့ ရှိနေပါတယ်။ ချန်ပီယံပြေးလမ်းပေါ်မှာရှိတဲ့ လေးသင်းထဲက လက်စတာ၊ စပါး၊ မန်စီးတီးတို့ရဲ့ ပွဲစဉ်တွေ ပါဝင်နေပြီး သူတို့က တန်းဆင်းဇုန်ထဲမှာ သေရေးရှင်ရေးအတွက် ရုန်းကန်နေရတဲ့ နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ နောဝစ်ချ်တို့နဲ့ ကစားရမှာပါ။ အင်အားချင်း၊ စုဖွဲ့မှုချင်း ကွာခြားပေမယ့် တစ်ခါတစ်ရံမှာ အသက်လု ကစားရတဲ့အသင်းတွေရဲ့ ညှစ်အားက ပိုအလုပ်ဖြစ်တတ်ပါတယ်။ ဒါကို လက်ရှိ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လက်စတာအသင်းက ပြီးခဲ့တဲ့ရာသီမှာ သက်သေပြခဲ့ဖူးပါတယ်။ ဒီတစ်ပတ် အမှတ်လုပွဲတွေမှာ ဘယ်အသင်း အသာရမလဲဆိုတာတော့ . . .
■ နောဝစ်ချ် နှင့် မန်စီးတီး
(၁၂-၃-၁၆ စနေ ည ရး၁၅)
ပ-ကျော့ရလဒ် - မန်စီးတီး ၂-၁ နောဝစ်ချ်
မန်စီးတီးက အမှတ်ပေးဇယား အောက်ဆုံးက ဗီလာကိုနိုင်ပြီး ပရီးမီးယားလိဂ် သုံးပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်ခဲ့ပါတယ်။ အခုလည်း နောက်ထပ် တန်းဆင်းဇုန်က အသင်းနဲ့ ကစားရမှာဖြစ်ပြီး မန်စီးတီးအတွက် လွယ်ကူဦးမယ့်ပွဲပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်အတွက် အဓိက ကစားသမားတွေကို အနားပေးခဲ့ရင်တော့ ဂိုးပြတ်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။
■ စတုတ်စီးတီး နှင့် ဆောက်သမ်တန်
(၁၂-၃-၁၆ စနေ ည ၉း၃၀)
ပ-ကျော့ရလဒ် - ဆောက်သမ်တန် ဝ-၁ စတုတ်
လက်ရှိခြေစွမ်းပိုင်းမှာ စတုတ်စီးတီးက အတက်၊ ဆောက်သမ်တန်က အကျ။ အစဉ်အလာအရလည်း စတုတ်စီးတီးက ဆောက်သမ်တန်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲထဲက ၅ ပွဲမှာ အနိမ့်ဆုံးနှစ်ဂိုးနဲ့အထက် သွင်းနိုင်ခဲ့ပါတယ်။ ဖွန်တေ ပွဲပယ်ခံထားရတဲ့ ဆောက်သမ်တန် ခံစစ်ပိုင်း အားလျော့နိုင်လို့ စတုတ်စီးတီးကို ကြိုက်ပါတယ်။
■ ဘုန်းမောက် နှင့် ဆွမ်ဆီး
(၁၂-၃-၂၀၁၆ စနေ ည ၉း၃၀)
ပ-ကျော့ရလဒ် - ဆွမ်ဆီး ၂-၂ ဘုန်းမောက်
အမှတ်ပေးဇယား အောက်ပိုင်းက အသင်းတွေဖြစ်လို့ တစ်သင်းကိုတစ်သင်း ငဲ့ညှာလို့ မရပါဘူး။ နှစ်သင်းစလုံး ခြေတက်နေတာချင်းတူပေမယ့် ဘုန်းမောက်က ကစားအားရော၊ ဂိုးသွင်းအားပါသာတယ်။ ဆွမ်ဆီးနဲ့ တွေ့ဆုံမှုတွေမှာလည်း ဘုန်းမောက် ဂိုးမြူးလေ့ရှိတာ တွေ့ရတယ်။ ဘုန်းမောက်နိုင်ဖို့ များပါတယ်။
■ အက်စတွန်ဗီလာ နှင့် စပါး
(၁၃-၃-၁၆ တနင်္ဂနွေ ည ၁၀း၃၀ )
ပ-ကျော့ရလဒ် - စပါး ၃-၁ ဗီလာ
ဗီလာကတော့ တန်းဆင်းရဖို့ သေချာသလောက်ဖြစ်နေပြီး စိတ်ဓာတ်ပိုင်းလည်း ထိုးကျနေတယ်။ နောက်ဆုံး လေးပွဲမှာ ခံစစ်က ၁၅ ဂိုးအထိ ပေးခဲ့ရပြီး ပွဲတိုင်းရှုံးခဲ့တယ်။ ချန်ပီယံအိပ်မက်ကို ဆက်လက်အသက်သွင်းချင်ရင် စပါးအနေနဲ့ ဒီလိုပွဲမျိုးမှာ အမှတ်ပြည့်ယူရမှာပါ။ ယူရိုပါလိဂ်ကြောင့် ပွဲပန်းနေနိုင်ပေမယ့် စပါး နိုင်အောင်တော့ ကစားလိမ့်မယ်။
■ လက်စတာ နှင့် နယူးကာဆယ်
(၁၅-၃-၁၆ အင်္ဂါ နံနက် ၂း၃၀)
ပ-ကျော့ရလဒ် - နယူးကာဆယ် ဝ-၃ လက်စတာ
လက်စတာက အိမ်ကွင်းမှာ အမှားနည်းပြီး ခံစစ်ပိုင်း မာကျောပါတယ်။ အိမ်ကွင်း နောက်ဆုံး ခြောက်ပွဲမှာ Clean Sheet ငါးပွဲ ရခဲ့တယ်။ အဝေးကွင်း ခြောက်ပွဲဆက် ရှုံးပြီး ဂိုးရဖို့လည်း ရုန်းကန်နေရတဲ့ နယူးကာဆယ်က လက်စတာကို ဒုက္ခပေးနိုင်ခြေ မရှိပါဘူး။ နောက်ပိုင်းပွဲတွေမှာ လက်စတာ ထိန်းကစား နေလို့ ဂိုးပြတ်နိုင်ဖို့တော့ မလွယ်ပါဘူး။
ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းပေါ်က အသင်းတွေနဲ့ တန်းဆင်းဇုန်ထဲက အသင်းတွေ ထိပ်တိုက်တွေ့တဲ့ ရက်သတ္တပတ်









