ဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ ကျောက်စိမ်းတစ်မျိုးတည်း တင်ပို့မှုမှ ဒေါ်လာ ၄၈၂ သန်းကျော်ရရှိ

ဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ ကျောက်စိမ်းတစ်မျိုးတည်း တင်ပို့မှုမှ ဒေါ်လာ ၄၈၂ သန်းကျော်ရရှိ
Published 8 March 2016
ချမ်းမြေ့သူ

လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ ကျောက်စိမ်းတစ်မျိုးတည်း တင်ပို့မှုမှ ဒေါ်လာ ၄၈၂ သန်းကျော် ရရှိထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ပမာဏစုစုပေါင်းမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလကုန် အထိဖြစ်ကာ ပြည်ပနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေရှ့်၊ ဟောင်ကောင်၊ တရုတ် စသည့်နိုင်ငံများသို့ တင်ပို့မှု ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်း၊ ကျောက်မျက်စသည့် သတ္တုတွင်းထွက် ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရာတွင် ကျောက်စိမ်းတင်ပို့မှုမှ ရငွေအများဆုံးဖြစ်ပြီး တရုတ်ဈေးကွက်မှ ဝယ်ယူမှုများကြောင်း သိရသည်။ ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရာတွင် အဓိကအားဖြင့် တရုတ်၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကာ ပြည်ပနိုင်ငံများတွင် ပြုလုပ်သည့် ကျောက်မျက်ပြပွဲများမှ တစ်ဆင့်လည်း ဝယ်ယူမှုရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေး ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များ မြှုပ်နှံလုပ်ကိုင်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလကုန်အထိ ကျပ် ၉၅၃၀၂ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်းများကို ပြည်ပသို့ တရားဝင်တင်ပို့ခွင့် ပြုထားသော်လည်း နယ်စပ်နယ်မြေ ဒေသများမှ ပုံစံမျိုးစုံဖြင့် တရားမဝင် ထွက်ရှိနေမှုများလည်း ရှိနေကြောင်း သိရသည်။ လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ် ဧပြီ ၁ ရက်မှ မတ် ၄ ရက်အထိ ပြည်ပသို့ ကျောက်စိမ်းအပါအဝင် သတ္တုတွင်းထွက် တင်ပို့မှုမှ ရငွေစုစုပေါင်း ဒေါ်လာ ၉၄၉ သန်းကျော်ရှိကြောင်း သိရသည်။       

Most Read

Most Recent