ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းအား ၂၀၂၀ ပြည့်နှစ်အထိ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် တွင်းသစ်စီမံကိန်းများ စတင်ဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းဖြစ်သည့် ရတနာစီမံကိန်းမှ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ ကျော်ကို ပြည်ပသို့လည်းကောင်း၊ ကုဗပေ သန်း ၂၀၀ ခန့်ကို ပြည်တွင်းသုံးစွဲရန် အတွက် လည်းကောင်း နေ့စဉ်ထုတ်လုပ် ပို့လွှတ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ထုတ်လုပ်ပို့လွှတ်လျက်ရှိရာ အမြင့်ဆုံး သဘာဝဓာတ်ငွေ့ သိုလှောင်မှု ပမာဏကို ၂၀၂၀ ပြည့်နှစ်အထိ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် အတွက် ကမ်းလွန်လုပ်ကွက် M-5 နှင့် M-6 အတွင်းရှိ ပတ္တမြားဘူမိ အနေအထား၌ ထုတ်လုပ်မှု မြှင့်တင်နိုင်မည့် တွင်းသစ်စီမံကိန်းများကို ယခုအခါ စတင်ဆောင်ရွက် လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသော Total E&P Myanmar ကုမ္ပဏီမှ ၁၉၉၂ ခုနှစ်တွင် Operator အဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၈ ခုနှစ်၌ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ပိုက်လိုင်းဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။
မုတ္တမကမ်းလွန်ရှိ ရတနာစီမံကိန်း၏ ဓာတ်ငွေ့ထုတ်လုပ်မှုမှာ ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် ပြန်လည် ကျဆင်းသွားမည် ဖြစ်သဖြင့် ထိုသို့ကျဆင်းမှုကို ပြန်လည်ဖြည့်တင်းရန် ပတ္တမြား သဘာဝဓာတ်ငွေ့သိုက် ဖွံ့ဖြိုးရေး လုပ်ငန်းများအား စတင်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။
ရတနာစီမံကိန်းတွင် Total (ပြင်သစ်) မှ ရှယ်ယာ ၃၁ ဒသမ ၂၄ ရာခိုင်နှုန်း၊ ယူနိုကယ် (အမေရိကန်) မှရှယ်ယာ ၂၈ ဒသမ ၂၆ ရာခိုင်နှုန်း၊ PTTEPI (ထိုင်း) မှ ရှယ်ယာ ၂၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာနမှ ကမ်းနီး၊ ကမ်းလွန် လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ပြီး ပဏာမ ရွေးချယ်ခံရသည့် ကုမ္ပဏီများ စာရင်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည်။
ထိုသို့ ပဏာမ ရွေးချယ်ပြီးနောက် အပြီးသတ် ရွေးချယ်ခံရသည့် ကုမ္ပဏီများကို ၂၀၁၄ ခုနှစ် မတ် ၂၆ ရက် တွင်ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ကမ်းနီး၊ ကမ်းလွန်လုပ်ကွက် ၂၀ အတွက် ရွေးချယ်ခံရသည့် ကုမ္ပဏီများထဲတွင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနှင့် အခြားနိုင်ငံများမှ ကမ္ဘာ့ထိပ်တန်း ရေနံကုမ္ပဏီများ ဖြစ်သည့် Shell, Chevron, Conocophillips, Total E&P, BG, Woodside Energy တို့ပါဝင်ကြောင်း သိရသည်။ ယင်းလုပ်ကွက် ၂၀ တွင် ရေတိမ်ပိုင်းလုပ်ကွက် ၁၀ ကွက်နှင့် ရေနက်ပိုင်းလုပ်ကွက် ၁၀ ကွက်တို့ ပါဝင်ကြောင်း သိရသည်။
ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းအား ၂၀၂၀ ပြည့်နှစ်အထိ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် တွင်းသစ်စီမံကိန်းများ စတင်ဆောင်ရွက်နေ










