မြန်မာနိုင်ငံသား အချို့နှင့် အဖွဲ့အစည်း အချို့အား ပိတ်ဆို့မှုများ ဆက်ရှိသင့်သော်လည်း ရင်းနှီးမြှုပ်နှံမှု နောက်ကျနေခြင်းနှင့် အနာဂတ် ဆက်ဆံရေးအတွက် အရေးယူ ပိတ်ဆို့မှုများ သက်တမ်း ဆက်မတိုးရန် အမေရိကန် စီးပွားရေး အဖွဲ့အစည်းများ တင်ပြ

မြန်မာနိုင်ငံသား အချို့နှင့် အဖွဲ့အစည်း အချို့အား ပိတ်ဆို့မှုများ ဆက်ရှိသင့်သော်လည်း ရင်းနှီးမြှုပ်နှံမှု နောက်ကျနေခြင်းနှင့် အနာဂတ် ဆက်ဆံရေးအတွက် အရေးယူ ပိတ်ဆို့မှုများ သက်တမ်း ဆက်မတိုးရန် အမေရိကန် စီးပွားရေး အဖွဲ့အစည်းများ တင်ပြ
Published 2 March 2016
ဖြိုးဝေ

မြန်မာနိုင်ငံသား အချို့နှင့် အဖွဲ့အစည်း အချို့အား Specially Designated Nationals စာရင်းတွင် ဆက်လက် ကန့်သတ်ခြင်းများ လုပ်ဆောင်သင့်သော်လည်း အမေရိကန် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု နောက်ကျကျန်နေခြင်း အပါအဝင် အနာဂတ် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများ ဆက်လက် သက်တမ်းမတိုးရန် အမေရိကန် စီးပွားရေး အဖွဲ့အစည်းကြီး ငါးခုမှ အမေရိကန် အစိုးရ ဝန်ကြီးများထံ ဖေဖော်ဝါရီ ၁၈ ရက်က တင်ပြခဲ့မှုအပေါ် အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာသံရုံးက မတ် ၂ ရက်တွင် အလွတ်သဘော ပြန်ဆိုချက်အဖြစ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။အမေရိကန် စီးပွားရေး အဖွဲ့အစည်းကြီးများဖြစ်သည့် အမေရိကန် ကုန်သည်ကြီးများအသင်း (မြန်မာရေးရာ)၊ အမျိုးသား နိုင်ငံခြား ကုန်သွယ်ရေး ကောင်စီ၊ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ၊ အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ကောင်စီတို့က အမေရိကန် အစိုးရ အဖွဲ့ဝင်များဖြစ်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ ဘဏ္ဍာရေးဝန်ကြီး ဂျက်လျူနှင့် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စစ်ပန်နီပရဇ်ကာတို့ကို အမေရိကန်-မြန်မာ ဆက်ဆံရေးအပေါ် အမေရိကန် စီးပွားရေး အသိုက်အဝန်း၏ သဘောထားအမြင် (U.S Business Community Statement On U.S- Myanmar Relations) ခေါင်းစဉ်ဖြင့် တင်ပြခဲ့ခြင်းဖြစ်ပြီး တင်ပြမှု မိတ္တူကို အမေရိကန် အထက်လွှတ်တော် အမတ်များနှင့် အောက်လွှတ်တော် အမတ်များထံ ဆက်လက် ပေးပို့ခဲ့ကြောင်း သိရသည်။အမေရိကန် အဖွဲ့အစည်း ငါးခု၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ဥပဒေ စိုးမိုးရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့်  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန် သမ္မတ အိုဘားမား အစိုးရနှင့် ကွန်ဂရက်တို့ အနေဖြင့် မြန်မာနိုင်ငံ အစိုးရနှင့် ထိတွေ့ ဆက်ဆံမှုများအပေါ် အမေရိကန် စီးပွားရေး အသိုက်အဝန်းက ထောက်ခံပါကြောင်း ထုတ်ပြန်ချက်က ဆိုသည်။အမေရိကန် အစိုးရ အနေနှင့် မြန်မာနိုင်ငံအပေါ် သွင်းကုန်ပိတ်ပင်မှု ရုပ်သိမ်းပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှု ပိတ်ပင်ထားခြင်းများ ဖြေလျှော့ပေးခြင်း၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန် အေဂျင်စီရုံး ဖွင့်လှစ်ခြင်း၊ ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းနှင့် ပို့ကုန်သွင်းကုန် ဘဏ်များက ပံ့ပိုးမှု တိုးမြှင့်ပေးခြင်း စသည့် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ထူထောင်ရန် လုပ်ဆောင်မှုများမှာ မြန်မာပြည်သူများအတွက် လက်တွေ့ ခံစားနိုင်သော အကျိုးစီးပွားများ ဖြစ်စေခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲမှာ သမိုင်းဝင် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပြီး ရွေးကောက်ပွဲတွင် ပုံမှန်မဟုတ်သော ဖြစ်စဉ်အချို့ ကြားသိခဲ့ရသော်လည်း ကျယ်ပြန့်သော လွတ်လပ်မှုနှင့် မျှတမှု ရှိသည်ဟု ကြားနေ လေ့လာသူများက သုံးသပ်ခဲ့သည်ဟု ဖော်ပြထားသည်။အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို စံထား ဆုံးဖြတ်မည်ဟု အများစုက ရှုမြင်ခဲ့ပြီး လက်ရှိ ရွေးကောက်ပွဲမှာ အဆိုပါ စံနှုန်းနှင့် ကိုက်ညီခဲ့သည့်အတွက် အမေရိကန်ဘက်မှ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ရေး လုပ်ငန်းစဉ်များ တိုးမြှင့် ဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံသား အချို့နှင့် အဖွဲ့အစည်း အချို့အား Specially Designated Nationals စာရင်းမှ ပယ်ဖျက်ပေးခြင်း သို့မဟုတ် အမေရိကန် ကုမ္ပဏီများအား ၎င်းတို့နှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ချပေးခြင်းတို့မှာ ထိရောက်သည့် နည်းလမ်းများဖြစ်ကြောင်းနှင့် အချို့သော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုမူ သတိဖြင့် ဆက်လက် ကန့်သတ်ရန်နှင့် ထိုသို့ ကန့်သတ်ရာတွင် တစ်နိုင်ငံလုံးကို ထိခိုက်မှု သက်ရောက်ခြင်း မရှိစေရန် သတိထား ဆောင်ရွက်သင့်သည်ဟု အမေရိကန် စီးပွားရေး အဖွဲ့အစည်းများ၏ တင်ပြချက်က ဆိုသည်။လက်ရှိ အချိန်တွင် ကျန်ရှိနေသည့် အရေးယူ ပိတ်ဆို့မှုများအပေါ် ပြန်လည်သုံးသပ်လျက် အနာဂတ် နှစ်နိုင်ငံ ဆက်ဆံရေး အပြည့်အ၀ ပုံမှန် ဖြစ်လာစေရန်၊ အမေရိကန် ပုဂ္ဂလိက ကဏ္ဍမှ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှု လုပ်ငန်းများနှင့် ၎င်းတို့၏ အဖွဲ့အစည်းများ ဆက်လက်ပြုပြင် ပြောင်းလဲရေး၊ ခေတ်မီ တိုးတက်ရေးအတွက် ပံ့ပိုးနိုင်ရေးအတွက် လာမည့် ၂၀၁၆ ခုနှစ် မေတွင် ၁၉၉၇ ခုနှစ် မေ ၂၀ ရက်က အမေရိကန် သမ္မတ၏ အမိန့် E.O 13047 ထုတ်ပြန်ချက်ဖြင့် အမေရိကန်၏ International Emer-gency Economic Powers Act (IEEPA) အရအရေးယူ ပိတ်ဆို့မှုမှာ သက်တမ်းကုန်မည် ဖြစ်ခြင်းကြောင့် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီး အဆိုပါ သက်တမ်းကုန်ဆုံးမည့် ပိတ်ဆို့မှုကို ထပ်မံ သက်တမ်းမတိုးရန် လေးစားစွာ မေတ္တာရပ်ခံ တိုက်တွန်းသည်ဟု အမေရိကန် စီးပွားရေး အဖွဲ့အစည်းများ၏ တင်ပြချက်က ဆိုသည်။         

Most Read

Most Recent