နောက်နှစ်ရက်အတွင်း မိုးရွာသွန်းမှု လျော့နည်းလာပြီး နေ့အပူချိန်များ ဆက်လက်မြင့်တက် လာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
"မတ်လအတွင်းမှာ မြန်မာနိုင်ငံ အောက်ပိုင်းတွေက ပုံမှန်ထက်ပူနိုင်တယ်။ အလယ်ပိုင်း ဒေသတွေလည်း ပုံမှန်ထက်ပူနိုင်တယ်။ အခုရက်ပိုင်းက မိုးပြန်ရွာနေလို့ အပူချိန်က နည်းနည်းလျော့သွားတယ်။ ပြီးခဲ့တဲ့လ ၁၈၊ ၁၉ ရက်လောက်တုန်းက မိုးမရွာလို့ ချောက် မှာ ၃၉ ဒီဂရီ စင်တီဂရိတ်လောက်အထိ ပူသွားတယ်။ မိုးကလည်း တစ်ရက်နှစ်ရက်လောက်ကျရင် မိုးကနည်းသွားပြီး ပုံမှန်ထက်ပူနိုင်တဲ့ အလားအလာတွေရှိတယ်" ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုး ဦးစီးဌာန၏ မတ်လ မိုးလေဝသ ခန့်မှန်းချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ပုံမှန်အပူချိန်ထက် ပိုမိုနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မတ်လအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ရာသီဥတု ပူပြင်းခြင်းကြောင့် အသက်လေးနှစ်အောက် ကလေးများနှင့် အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများမှာ အပူဒဏ်ကြောင့် မေ့လဲခြင်း (Syncope Due Heat)၊ အပူကြောင့် ခြေလက် ရောင်ရမ်းခြင်း (Heat Oedema)၊ အပူကြောင့် ကြွက်တက်ခြင်း (Heat Cramps)၊ အပူကြောင့် အားအင်ကုန်ခန်း ချည့်နဲ့ခြင်း (Heat Exhaustion) နှင့် အပူကြောင့် ချွေးမထွက်ဘဲ သတိလစ် မေ့မြောသည့် (Heat Stoke) စသည်တို့ ဖြစ်ပွားနိုင်ကြောင်းလည်း သိရသည်။
ယခုနှစ် ဇန်နဝါရီလသည်လည်း မှတ်တမ်းတစ်လျှောက် အပူဆုံး ဇန်နဝါရီလ ဖြစ်ခဲ့ကြောင်း အမေရိကန် သမုဒ္ဒရာနှင့် လေထု စီမံခန့်ခွဲမှုအဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယခုနှစ် နွေရာသီကာလ၌ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ပုံမှန်အပူချိန်ထက် အနည်းဆုံး ရာခိုင်နှုန်း ၆၀ မှ အမြင့်ဆုံး ရာခိုင်နှုန်း ၁၀၀ အထိ ပိုမိုပူပြင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသည် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များတွင် နှစ်နှစ်ဆက်တိုက် အယ်လ်နီညိုရာသီဥတုများကို ကြုံတွေ့ခဲ့ရပြီး ၂၀၁၀ ပြည့်နှစ် မတ်၊ ဧပြီ၊ မေလများတွင် မြို့နယ် ၁၆ မြို့နယ်အတွင်း စံချိန်တင်ပူပြင်း မှု ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နောက်နှစ်ရက်အတွင်း မိုးရွာသွန်းမှု လျော့နည်းလာပြီး နေ့အပူချိန် ဆက်လက် မြင့်တက်မည်ဖြစ်ကြောင်း မိုး/ဇလ ပြောကြား









