ကုန်သွယ်ရေးကုမ္ပဏီများကိုယ်တိုင် အွန်လိုင်းအသုံးပြုကာ ပို့ကုန် သွင်းကုန်လိုင်စင် လျှောက်ထားထုတ်ယူနိုင်မည့်စနစ်ကို လာမည့် ဘဏ္ဍာနှစ်အတွင်း စတင်နိုင်ရန် ပြင်ဆင်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။အဆိုပါစနစ် အသုံးပြုနိုင်ရန် ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်ရှိ စီးပွား။ကူးသန်းရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး အွန်လိုင်းအပြည့်အ၀ အသုံးပြု ပို့ကုန်သွင်းကုန်လိုင်စင်စနစ် စတင်အသုံးပြုနိုင်ရန် ကုန်သွယ်မှုလုပ်ငန်းစဉ်များ ဆက်စပ်ဆောင်ရွက်ရသည့် ဝန်ကြီးဌာနရှိ ဦးစီးဌာန ၂၅ ခု ချိတ်ဆက် ဆွေးနွေးခဲ့ကြောင်း သိရသည်။အွန်လိုင်းအသုံးပြု ပို့ကုန်သွင်းကုန်လိုင်စင်စနစ် စတင်ပါက ပို့ကုန် သွင်းကုန်လိုင်စင်လျှောက်မည့် ကုမ္ပဏီများအနေဖြင့် ဝန်ကြီးဌာနသို့ လာရောက်ရန် မလိုတော့ဘဲ အင်တာနက်လိုင်းရှိသည့် မည်သည့်နေရာမဆို လိုင်စင်လျှောက်ထားခြင်း၊ ထုတ်ယူခြင်း၊ ငွေပေးချေခြင်း (e-Payment) လုပ်ငန်းများအားလုံးကို ပြုလုပ်နိုင်မည်ဖြစ်သည်။ထိုသို့ အွန်လိုင်းမှတစ်ဆင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် စီးပွား/ကူးသန်း၏ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော www.myanamartradenet.com.mm ကို အသုံးပြုရမည်ဖြစ်ပြီး လိုင်စင်အတွက် ငွေပေးသွင်းရန် MPU ကတ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ယင်းဝက်ဘ်ဆိုက်တွင် ပို့ကုန်သွင်းကုန် လုပ်ငန်းများမှ လျှောက်ထားသော လိုင်စင်အခြေအနေများကို လျှောက်ထားသူမှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်အောင် ပြန်ကြားပေးမည့် Notification စနစ်ကိုပါ ထည့်သွင်းထားပြီး လိုင်စင်ရရှိရန် လိုအပ်ချက်များရှိပါက ပြန်လည်ပြင်ဆင် ဖြည့်သွင်းနိုင်မည် ဖြစ်သည်။အဆိုပါ အွန်လိုင်းမှ လိုင်စင်လျှောက်ထားနိုင်မည့် စနစ်ကို စတင်ဆောင်ရွက်နိုင်ရန် အမြန်ဆုံးပြင်ဆင်နေပြီး ပထမအဆင့်အနေဖြင့် ကုန်ပစ္စည်း HS Code များကို စမ်းသပ်ရွေးချယ် ထုတ်ပေးသွားမည် ဖြစ်သည်။ လာမည့်လများတွင် လုပ်ငန်းရှင်များအတွက် လိုအပ်သည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အစတွင် စတင်အသုံးပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။စီးပွား/ကူးသန်း၏ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော www.myanamartradenet.com.mm တွင် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှု စနစ်အတွက် စစ်တမ်းကောက်ယူထားရာ ဝင်ရောက်ဖြေဆိုသူများအနက် ပို့ကုန်သွင်းကုန် လိုင်စင်စနစ် ပိုမိုမြန်ဆန် ကောင်းမွန်စေရန် လိုင်စင်စနစ်တစ်ခုလုံးအား အွန်လိုင်းလိုင်စင်ဖြင့် အပြည့်အ၀ သုံးသင့်သည်ကို ရွေးချယ်သူ ၆၇ ဒသမ ၅၅ ရာခိုင်နှုန်း (၈၆၆ ဦး)၊ Manual စနစ်ဖြင့်သာ ဆောင်ရွက်သင့်သည်ကို ရွေးချယ်သူ ၁၆ ဒသမ ၈၅ (၂၁၆ ဦး)၊ အွန်လိုင်းစနစ်နှင့် Manual တွဲဖက်အသုံးပြုသင့်သည်ကို ရွေးချယ်သူ ၁၅ ဒသမ ၄၄ (၁၉၈ ဦး) ရှိသည်။ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် ပို့ကုန်ပစ္စည်း ၁၅၂ မျိုး၊ HS Code လိုင်းပေါင်း ၉၈၃ လိုင်း၊ သွင်းကုန်ပစ္စည်း ၁၆၆ မျိုး၊ HS Code လိုင်းပေါင်း ၂၇၉ လိုင်းတို့ကို လိုင်စင်လျှောက်ထားရန် မလိုအပ်ဘဲ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
အွန်လိုင်းအသုံးပြု၍ ပို့ကုန်၊ သွင်းကုန်လိုင်စင် လျှောက်ထားထုတ်ယူနိုင်မည့်စနစ် လာမည့်ဘဏ္ဍာနှစ်တွင် စတင်နိုင်ရန် ပြင်ဆင်















