လာမည့်ပညာသင်နှစ်၌ ၁၂ တန်းပညာရေး စတင်မည်ဖြစ်ရာ ဆရာ၊ ဆရာမ လိုအပ်ချက်များကို အခြေခံပညာကဏ္ဍအတွက် ဖြည့်ဆည်းသွားမည်ဖြစ်ရာ ဘွဲ့ရများအတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ရပ် ဖြစ်လာနိုင်မည်

လာမည့်ပညာသင်နှစ်၌ ၁၂ တန်းပညာရေး စတင်မည်ဖြစ်ရာ ဆရာ၊ ဆရာမ လိုအပ်ချက်များကို အခြေခံပညာကဏ္ဍအတွက် ဖြည့်ဆည်းသွားမည်ဖြစ်ရာ ဘွဲ့ရများအတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ရပ် ဖြစ်လာနိုင်မည်
Published 25 February 2016
အေးပပ၊ သင်းဖြိုး

လာမည့် ပညာသင်နှစ်၌ ၁၂ တန်းပညာရေး စတင်တော့မည်ဖြစ်သည့်အတွက် ဆရာ၊ ဆရာမ လိုအပ်ချက်များအား အခြေခံပညာကဏ္ဍအတွက် ဖြည့်ဆည်းသွားမည်ဖြစ်ရာ နေ့စားလပေး ဆရာ၊ဆရာမများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခေါ်ယူခန့်အပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရသည်။နေ့စားလပေးဆရာ၊ ဆရာမများအား ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် ခေါ်ယူသွားမည်ဖြစ်ပြီး လျှောက်ထားရန် လိုအပ်သည့် အရည်အချင်းများအား နိုင်ငံပိုင်သတင်းစာများတွင် အသေးစိတ်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။“ခေါ်ယူမယ့် ပမာဏကတော့ များပါတယ်။ အခြေခံပညာကဏ္ဍအတွက် ခေါ်မှာပါ။ မကြာမီ ခေါ်တော့မှာပါ။ နိုင်ငံပိုင်သတင်းစာကနေတစ်ဆင့် ကြေညာသွားမှာ ဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အခြေခံ ပညာကျောင်းများ၌ ၂၀၁၃-၁၄ ပညာသင်နှစ်စာရင်းများအရ ဆရာအင်အားမှာ မူလတန်းပြ(နေ့စား) ဆရာ/ဆရာမဦးရေ ၂၈၀၀၀ ကျော် အပါအဝင် စုစုပေါင်း ၃၀၈၇၁၄ ဦးရှိပြီး ကျောင်းသားအင်အားမှာ စုစုပေါင်း ၈၆ သန်းကျော်ရှိကြောင်း သိရသည်။ အခြေခံပညာကဏ္ဍတွင် ၁၂ တန်း ပညာရေးစနစ် ဆောင်ရွက်သည့်အခါ၌ ဆရာအင်အား လိုအပ်ချက်မှာ ယခုထက်ပိုမိုလာမည် ဖြစ်သည်။၂၀၁၄-၁၅ ပညာသင်နှစ်တွင် စုစုပေါင်း မူလတန်းပြဦးရေ ၁၁၅၀၀၀ ဦးရှိပြီး နေ့စားမှ အတည်ပြုခန့်ထားသူဦးရေ ၂၇၆၈၂ ဦးဖြစ်ကာ နေ့စားမှအတည်ပြု ခန့်ထားသူဦးရေ ပါဝင်မှုရာခိုင်နှုန်း ၂၄ ရာခိုင်နှုန်း ရှိခဲ့သည်။ယခုပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအရ မူလတန်းပြဆရာအရေအတွက် ၂၄၃၅၉ ဦး၊ အလယ်တန်းပြအရေအတွက် ၆၆၁၃ ဦးနှင့် အထက်တန်းပြ အရေအတွက် ၅၄၃၁ ဦးတို့  လိုအပ်လျက်ရှိပြီး အဆိုပါ ဆရာလိုအပ်ချက်များအား ဖြည့်ဆည်းခန့်အပ်လျက်ရှိကြောင်း သိရသည်။    “ဆရာ၊ ဆရာမလိုအပ်ချက်တွေကတော့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ အများဆုံးဖြစ်နေတဲ့အတွက် အဲဒီနေရာတွေအတွက် ဦးစားပေးခန့်သွားမှာဖြစ်ပါတယ်။ပညာရေးကောလိပ်ကျောင်းဆင်းတွေအပြင် ဘွဲ့ရပြီး ပြင်ပပုဂ္ဂိုလ်တွေကိုလည်း သင်တန်းတွေပေးပြီး ခန့်အပ်သွားမှာလည်း ဖြစ်ပါတယ်။ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ သင်တန်းတွေကိုလည်း ဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။            “နေ့စားလပေးတွေခေါ်မယ့်အချိန်ကို စောင့်နေပါတယ်။ လက်ရှိမှာလည်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာလည်း ကလေးတွေကို စာသင်ပေးနေပါတယ်။ စာသင်ရတာလည်း ဝါသနာပါ ပါတယ်။ စာသင်တာက အသက်မွေးဝမ်းကျောင်း အလုပ်တွေထဲမှာ စိတ်ထားတတ်ရင် တတ်သလောက် မွန်မြတ်သန့်စင်တဲ့ အလုပ်တစ်ခုပါ။ နေ့စား လပေးအနေနဲ့ အလုပ်ဝင်ပြီးတော့ အတည်ခန့်တဲ့ အဆင့်ဖြစ်အောင် ကြိုးစားသွားမှာပါ”ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ စာသင်ကြားနေသူ မသီတာက ပြောကြားသည်။၂၀၂၀ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ မူလတန်းပညာရေးအောင်မြင်စွာ သင်ကြားနိုင်ရန် မြန်မာနိုင်ငံများအနေဖြင့် မူလတန်းပြ ဆရာဆရာမစုစုပေါင်း ၁၀ ဒသမ ၉ သန်းခေါ်ယူရန် လိုအပ်မည်ဟု ယူနက်စကို စာရင်းအင်းသိပ္ပံမှ ခန့်မှန်းတွက်ချက်ထားခဲ့ပြီး ဆရာဆရာမ လိုအပ်ချက်များအား အရေးတယူ မဆောင်ရွက်ပါက ပညာရေးတွင် ပဋိပက္ခဖြစ်ပွားလာနိုင်ကြောင်း ယူနက်စကို စာရင်းအင်းသိပ္ပံမှ သုံးသပ်ထားသည်။        အခြေခံပညာ ဆရာ၊ ဆရာမများ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် နေ့စား လပေး ဘွဲ့ရမူလတန်းပြများအား မွမ်းမံသင်တန်းပေးခြင်း၊ ဆရာ/ဆရာမများအား ရာထူး တိုး/ပြောင်းခန့်ထားခြင်းများကို စွမ်းဆောင် ရည်ပေါ်မူတည်၍ ဆောင်ရွက်ရန် လိုအပ်ကြောင်းသိရပြီး ဘွဲ့ရများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်စေကြောင်း သိရသည်။                        

Most Read

Most Recent