အယ်လ်နီညို၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာ၀ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် စီမံဆောင်ရွက်ရေး ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို ပြည်သူ့လွှတ်တော် အတည်ပြု

အယ်လ်နီညို၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာ၀ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် စီမံဆောင်ရွက်ရေး ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို ပြည်သူ့လွှတ်တော် အတည်ပြု
Published 25 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အယ်လ်နီညို၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာ၀ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် စီမံဆောင်ရွက်ရေး ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ဖေဖော်ဝါရီ ၂၄ ရက်က ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။ယင်းအဆိုကို မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက ဖေဖော်ဝါရီ ၂၂ ရက်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ်နှင့် ပါတီစုံမှ ကိုယ်စားလှယ် ၂၂ ဦးက ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ရှင်းလင်း တင်ပြခဲ့ကာ လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။အယ်လ်နီညို ရာသီဥတုကြောင့် မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှားမည်ဖြစ်ကာ သီးနှံ အထွက်နှုန်း လျော့ကျခြင်း၊ ရေလှောင်တမံများတွင် ရေလျော့နည်းကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ထိခိုက်နိုင်ခြင်း၊ သောက်သုံးရေများခန်းခြောက်ခြင်း၊ အပူရှိန် ပြင်းထန်ကာ သေဆုံးမှုများ ဖြစ်ပေါ်နိုင်ခြင်းနှင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့် ကြိုတင်စီမံမှုများ ပြုလုပ်ပေးရန်၊ ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရဝန်ကြီးဌာန အသီးသီး၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကာ ကြိုတင် ကာကွယ်မှုများ၊ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများကို သေချာစီစဉ်ထားရှိရန် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။ထို့ပြင် ထိုသို့ ဆောင်ရွက်ရာတွင်လည်း စာရွက်ပေါ် စီမံချက်လောက်ဖြင့်သာ မဟုတ်ဘဲ အမှန်တကယ် လက်တွေ့ဆောင်ရွက်နိုင်မည့် စီမံချက်မျိုးနှင့် လေ့ကျင့်မှုများ ပြုလုပ်ထားရန်လည်း ကိုယ်စားလှယ်များက အဆိုကို ထောက်ခံ ဆွေးနွေးခဲ့ကြသည်။“ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အရ ပုဒ်မ ၄၅ တွင် နိုင်ငံတော်သည် သဘာ၀ ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်ဟု ဖော်ပြထားပါတယ်။ ပြည်သူများ၏ ဆုံးရှုံးမှုသည် နိုင်ငံတော်၏ ဆုံးရှုံးမှုပင်ဖြစ်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ နှောင့်နှေးစေမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော် င်းမှလည်း ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ဖွဲ့စည်းထားသည့် ဦးစီးဌာနများဖြင့်လည်း ချမှတ်ထားသည့် ရည်မှန်းချက်များကို ကိုယ်စီ အသိတရားနှင့် တိကျစွာ လိုက်နာသွားကြရန် အထူးပင် လိုအပ်ပါတယ်” ဟု သာစည် မဲဆန္ဒနယ်မှ ဦးသန်းစိုးက ဆွေးနွေးသည်။ထို့အတူ မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစောက “အယ်လ်နီညို ပြဿနာဟာ တိုင်းပြည်နဲ့ ပြည်သူလူထု တစ်ရပ်လုံးအတွက် အင်မတန် ကြီးမားတဲ့ အမျိုးသားရေး စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်ပါတယ်။ ဒေါက်တာမောင်သင်းက အုပ်ချုပ်ရေး အာဏာကို ရယူထားတဲ့ တာဝန်အရှိဆုံး ပြည်ထောင်စု အစိုးရကို တိုက်တွန်းပါတယ်။ ပြည်ထောင်စု အစိုးရဆိုတဲ့ နေရာမှာ ကျွန်တော့်အနေနဲ့ အချိန်တိုတိုလေး အတွင်းမှာ သက်တမ်းကုန်ဆုံးတော့မယ့် ပြည်ထောင်စု အစိုးရအပြင် မကြာခင် အချိန်မှာ အာဏာလွှဲပြောင်းယူတော့မယ့် ဒီမိုကရေစီ ပြည်ထောင်စု အစိုးရသစ် အနေနဲ့လည်း ဒီအမျိုးသားရေး တာဝန်ကြီးကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ဦးဆောင်ဖို့ ထပ်လောင်း ဖြည့်စွက်ပါတယ်” ဟု ဆွေးနွေးသည်။ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီးများက အယ်လ်နီညိုနှင့် ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားမှုများကို ဖတ်ကြားတင်ပြခဲ့ပြီး အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ပြောကြားသည်။ထို့ကြောင့် လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ များသောကြောင့် ‘ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းနှင့် အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်လာနိုင်သော သဘာ၀ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် စီမံဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း’ အရေးကြီး အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

Most Read

Most Recent