မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးတွင် ပြည်သူလူထုပါဝင်မှုအပေါ် ကြိုဆိုထောက်ခံရန်၊ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သောကူညီပံ့ပိုးမှုများ အမြန်ဆုံးဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်းအရေးကြီးအဆို ကချင်ပြည်နယ် ဝိုင်းမော် NLD လွှတ်တော်ကိုယ်စားလှယ် တင်

မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးတွင် ပြည်သူလူထုပါဝင်မှုအပေါ် ကြိုဆိုထောက်ခံရန်၊ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သောကူညီပံ့ပိုးမှုများ အမြန်ဆုံးဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်းအရေးကြီးအဆို ကချင်ပြည်နယ် ဝိုင်းမော် NLD လွှတ်တော်ကိုယ်စားလှယ် တင်
Published 25 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေးတွင် ပြည်သူလူထု ပါဝင်မှုအပေါ် ကြိုဆိုထောက်ခံရန်၊ ဟန့်တားနှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများ အမြန်ဆုံး ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ကချင်ပြည်နယ် ဝိုင်းမော် မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးက တင်သွင်းသည်။အဆိုပါ အရေးကြီး အဆိုကို နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး ယင်းအရေးကြီး အဆိုအား ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလမာနော်အောင်က ထောက်ခံခဲ့သည်။မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကို အလွယ်တကူ ရရှိနေသည့်အတွက် လူကြီး၊ လူငယ်၊ အမျိုးသမီး၊ အချို့ကလေးများပါ မူးယစ်ဆေးစွဲပြီး သေကျေပျက်စီး ရောဂါကပ်ဆိုးကြီး ကျရောက်ပြီး ဒုက္ခမျိုးစုံ ပင်လယ်ဝေနေရကြောင်း၊ တိုင်းပြည်၏ တန်ဖိုးရှိလှသည့် လူသားအရင်းအမြစ်များ အလွယ်တကူ ဆုံးရှုံးလျက် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီးဖြစ်ကြောင်း ဦးလဂန်ဇယ်ဂျုံးက ဆွေးနွေးသည်။အစိုးရ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး နှစ်တို၊ နှစ်ရှည် စီမံကိန်းများနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း အောင်မြင်မှု အပြည့်အ၀ မရှိသေးကြောင်း သတင်းရရှိသည်။“အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တိုင်းရင်းသားများဟာ မူးယစ်ဆေးဝါး အန္တရာယ်ကို ဆိုးရွားစွာ ခံစားခဲ့ကြရပါတယ်။ ဒါကြောင့် လွန်ခဲ့သော ၂၀၁၄ ခုနှစ်မှ စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မိခင်များနှင့် ကချင်ပြည်နယ်မှ လူငယ်များ ပူးပေါင်း၍ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကို စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယနေ့ မိခင် အမြောက်အမြားဟာ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးကို ခံစားနေကြရပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်းမှ မိခင်အမျိုးသမီး ၃၀ က စတင်ပြီး ခံစားရခက် အသင်းအဖွဲ့ကို စတင် ဖွဲ့စည်းခဲ့ကြပါတယ်။ သူတို့ဟာ မူးယစ်ဆေးဝါးကြောင့် ခင်ပွန်းများ၊ သားသမီးများ၊ နေအိမ်၊ ကျွဲ၊ နွား ပစ္စည်းဥစ္စာများ အလုံးစုံ ဆုံးရှုံးခဲ့ရသူများ ဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှ လူငယ်များကလည်း လူငယ်များ ဘဝအနာဂတ်အတွက် အဓိက ရန်သူဖြစ်တဲ့ မူးယစ်ဆေးဝါး အန္တရာယ်မှ ကင်းလွတ်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးနိုင်ဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေအကြောင်း အရပ်ရပ် အားလုံးပေါင်းစုံလာပြီး ယနေ့ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဆိုပြီး ပေါ်ပေါက်လာကာ မူးယစ်ဆေးဝါး ရောင်းချသူများကို ဖမ်းဆီးပြီး သက်ဆိုင်ရာသို့အပ်နှံခြင်း၊ သုံးစွဲသူများကို ဆေးဖြတ်ပေးခြင်း၊ လူကောင်း၊ သူကောင်းဘဝသို့ ရောက်ရှိရန် ဘာသာတရားဖြင့် တွန်းတင်ခြင်းများကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်လျက် ရှိနေပါတယ်” ဟု ဦးလဂန်ဇယ်ဂျုံးက ဆွေးနွေး ပြောကြားသည်။ထို့ပြင် ဘိန်းစိုက်ခင်းများကို ဒေသခံ ဘိန်းစိုက်သူများနှင့် တွေ့ဆုံကာ ပညာပေးခြင်း၊ ညှိနှိုင်းတိုင်ပင် သဘောတူညီမှုများ ပြုလုပ်၍ ဘိန်းခင်းများကို လူထုအင်အားနှင့် ဝိုင်းဝန်းဖျက်ဆီးခဲ့ရာ ယခင်နှစ်က ဧက ၄၀၀ ကျော်ဖျက်ဆီးခဲ့ပြီး ယခုနှစ်တွင် ကချင်ပြည်နယ်အတွင်း တနိုင်း၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊ ချီဖွေ၊ အင်းတော်ကြီးဒေသတို့တွင် ဘိန်းခင်း ဧက ၃၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဝိုင်းမော်မြို့နယ် အတွင်းတွင် သက်ဆိုင်ရာ ဒေသခံများနှင့် အစိုးရအဖွဲ့၊ ရဲတပ်ဖွဲ့၊ တပ်မတော်တို့၏ အကူအညီဖြင့် ဧက ၈၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့သော်လည်း ယင်းဖျက်ဆီးနိုင်ခဲ့သည့် ဘိန်းခင်းများမှာ အနည်းအကျဉ်းမျှသာဖြစ်ပြီး စီးပွားဖြစ် အများအပြား စိုက်ပျိုးထားသော ဒေသများသို့ သွားရောက်ရန် အခက်အခဲ ရှိနေကြောင်း၊ ထိုဒေသများသို့ သွားရာလမ်းတွင် လက်နက်မျိုးစုံ ကိုင်ဆောင်ထားသော လူအင်အား ၁၀၀၀ ကျော်ခန့်ရှိသော လူစုသည် လမ်းတွင် ပိတ်ဆို့ကာ စောင့်ဆိုင်းနေကြောင်း သိရှိရသည်ဟု ဦးလဂန်ဇယ်ဂျုံးက ဆိုသည်။“ယနေ့ ပြည်သူတွေရဲ့ အသံ၊ ဆန္ဒကို ထုတ်ဖော်တင်ပြ အတည်ပြုနေတဲ့ လွှတ်တော်က ဆောင်ရွက်ချက်၊ အတည်ပြုချက်တွေနဲ့ လက်တွေ့ မြေပြင်က ဖြစ်စဉ်များ၊ တာဝန်ရှိသူများရဲ့ ဆောင်ရွက်မှုများဟာ ဆီနဲ့ရေလို ကွာခြားနေတာ တွေ့မြင်ရပါတယ်” ဟု ဦးလဂန်ဇယ်ဂျုံးက ဆိုသည်။လက်ရှိ ကချင်ပြည်နယ် ဝိုင်းမော်ဒေသမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့က စေလွှတ်ထားသော ဌာနပေါင်းစုံမှ ပုဂ္ဂိုလ်များ ပါဝင်သည့် ဘိန်းခင်းဖျက်အဖွဲ့သည် တစ်ရက်လျှင် အများဆုံး ၁၅ ဧကခန့်သာ ဖျက်ဆီးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဦးလဂန်ဇယ်ဂျုံးက “ယခု အချိန်သည် လူအင်အား အပြည့်နှင့် အင်တိုက်အားတိုက် ဆောင်ရွက်ရန် လိုအပ်နေပါတယ်။ ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် ဒေသခံ အသီးသီးမှ ရောက်ရှိလာကြသော လူထုအင်အား ၄၀၀၀ ကျော်ခန့်သည် ဝိုင်းမော်မြို့မှ စတုံးဒေသသို့ သွားရာလမ်းတွင် ဖေဖော်ဝါရီ ၁၆ ရက်တွင် စုဝေး ရောက်ရှိနေကြပြီး မနေ့က (၂၃ ရက်) ဘိန်းခင်းများ ရှိရာသို့  စတင်သွားကြပြီး လုံခြုံရေးပါဝင် ကူညီမှု အားနည်းနေကြောင်းကို ကြားသိရပါတယ်။ ယင်းအဖွဲ့တွင် ခံစားရခက်သော ပြည်သူများ၊ မိခင်များ၊ အမျိုးသမီးငယ်များလည်း ရာဂဏန်း ပါဝင်နေကြောင်းကိုလည်း တင်ပြလိုပါတယ်။ ယခုအခါ အဆိုပါ ဘိန်းစိုက်ပျိုးသူများဟာ တစ်ဖက်နိုင်ငံသားများက လက်ဝါးကြီးအုပ် စီးပွားဖြစ် လုပ်ကိုင်နေတာကို တွေ့ရသလို နိုင်ငံတော်ရဲ့ အချုပ်အခြာနဲ့ ပတ်သက်၍လည်း ပုံရိပ် ကျဆင်းရပါတယ်။ အောက်ခြေဒေသခံ ပြည်သူလူထုများ ပါဝင်သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အနေဖြင့် ၎င်းတို့ကိုယ်တိုင် တွေ့မြင်ထားသော ဧက တစ်သောင်းကျော်ခန့် ရှိနေသည့် အစိုးရထိန်းချုပ် ဧရိယာ အတွင်းရှိ ဘိန်းခင်းများကို အချိန်မီ သွားရောက်ဖျက်ဆီးနိုင်ရန်အတွက် ထိရောက်သော ကူညီပံ့ပိုးမှုကို လိုလားလျက် ရှိနေကြပါတယ်” ဟု လွှတ်တော်တွင် ဆွေးနွေးပြောကြားသည်။အဆိုပါ အရေးကြီး အဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်မှ ဆက်လက်ဆွေးနွေးရန် သင့်မသင့် သဘောတူညီချက် ရယူရာတွင် ထောက်ခံသူများသည့်အတွက် ယင်းအဆိုကိုယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။“ဒေသခံ ပြည်သူလူထု စိုက်တာက နည်းနည်းလေး။ သူတို့၊ ဟိုက အများစု လာစိုက်တာပါ။ ကျွန်တော့် ဒေသခံတွေက အဲဒီနားက ပတ်ဝန်းကျင် ရွာထဲက လူတွေ။ ကျွန်တော်တို့ တောင်ပေါ် ကချင်ကျတော့ စားစရာမရှိလို့ နေ့စားခလောက် သွားလုပ်တာပေါ့။ တကယ့် တကယ်ကို အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်တာတော့ တစ်ဖက်နိုင်ငံကလို့ ကျွန်တော့်လူထုတွေရဲ့ တင်ပြချက်အရ သိရှိရတာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ ပိုင်နက်မြေထဲ လာလုပ်တာပါ” ဟု ဦးလဂန်ဇယ်ဂျုံးက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

Most Read

Most Recent