အနိုင်ရ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် သာကေတမြို့နယ် NLD ပါတီဝင်အချို့ ဓားဖြင့် တိုက်ခိုက်ခံရသည့် အမှုမှ စွပ်စွဲခံရသူ ဇော်လတ် အပါအဝင် သုံးဦးကို ဖေဖော်ဝါရီ ၂၄ ရက်က သာကေတမြို့နယ် တရားရုံး၌ (၁၀) ကြိမ်မြောက် ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။ယင်းနေ့ ရုံးချိန်းတွင် တရားလိုပြ သက်သေများအဖြစ် စွပ်စွဲခံရသူ ကိုင်ခဲ့သော ဓားအား သိမ်းဆည်းခဲ့သည့် ရှာဖွေသက်သေ ဦးတင်ဆွေ၊ စွပ်စွဲခံရသူနှင့် ကွမ်းယာဆိုင်တွင် စတင် စကားများခဲ့သည့် ဦးမြင့်စိုးတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းနောက် သာကေတမြို့နယ် တရားရုံးမှ ရုံးချိန်းအား မတ် ၃ ရက်သို့ ပြန်လည် ချိန်းဆိုပေးခဲ့ကြောင်း သိရသည်။“ဒီနေ့ တရားလိုပြ သက်သေနှစ်ဦးကို စစ်တယ်။ တစ်ဦးက ဦးတင်ဆွေ၊ သူက ဇော်လတ်ကိုင်ခဲ့တဲ့ဓားကို သိမ်းဆည်းခဲ့တဲ့ ရှာဖွေသက်သေပါ။ နောက် ဦးမြင့်စိုးကို စစ်တယ်။ သူက ဇော်လတ်နဲ့ ကွမ်းယာဆိုင်မှာ စပြီး စကားများခဲ့တဲ့ အကြောင်းခြင်းရာတွေကို သက်သေအနေနဲ့ ထွက်ဆိုသွားတယ်။ ရုံးချိန်းကိုတော့ မတ် ၃ ရက်ကို ပြန်ချိန်းပေးထားပါတယ်” ဟု တရားလို၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက ဖေဖော်ဝါရီ ၂၄ ရက် ရုံးချိန်းအပြီးတွင် ပြောကြားသည်။အဆိုပါ အမှုဖြစ်စဉ်တွင် လက်ရှိအချိန်၌ တရားလိုနှင့် တရားလိုပြသက်သေ ရှစ်ဦးကို စစ်ဆေးပြီးဖြစ်ပြီး တရားလိုပြ သက်သေ စုစုပေါင်း ၂၂ ဦး တင်ပြထားကြောင်း သိရသည်။ယင်းတို့ အထဲတွင် ဓားဖြင့် အခုတ်ခံခဲ့ရသည့် NLD ပါတီမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဦးဝေဖြိုးအောင် အပါအဝင် အခြားမျက်မြင် သက်သေများကိုလည်း တရားလိုပြ သက်သေများအဖြစ် စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း တရားလို၏ ရှေ့နေထံမှ သိရသည်။NLD ပါတီဝင်များသည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် မော်တော်ယာဉ်များဖြင့် ပါတီစည်းရုံးရေး ဆောင်ရွက်၍ ပြန်လာခဲ့ပြီး မာန်ပြေ(၈)လမ်းထိပ် အရောက်တွင် မဲဆွယ်စည်းရုံးရာ၌ လိုက်ပါခဲ့သည့် ကိုလှဝင်းနှင့် ကိုမြင့်စိုးတို့က ကွမ်းယာဝင်ဝယ်စဉ် ကိုဇော်လတ် ရောက်ရှိလာပြီး ၎င်းအား ဦးစွာ ကွမ်းယာထုပ်ပေးရန် ပြောဆိုရာမှ ၎င်းတို့ စကားများကြကာ စတင် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ပွားမှုအား ကိုအောင်ကျော်ကျော်က သွားရောက်ဖျန်ဖြေ တားဆီးခဲ့ရာတွင် ကိုအောင်ကျော်ကျော်ကိုလည်း လက်သီးဖြင့်ထိုး၍ ခုံဖြင့်ရိုက်ရန် ရွယ်ကာ ဇော်လတ်မှာ ထွက်ခွာသွားကြောင်း၊ ခဏအကြာတွင် ဇော်လတ်မှာ ငှက်ကြီးတောင်ဓားအား ကိုင်ဆောင်၍ ၎င်းနှင့်အတူ ထက်ကို(ခ) ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့မှ တုတ်များကိုင်ဆောင်ကာ အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး ဆဲဆို ရန်မူခဲ့ကြသဖြင့် ဝင်ရောက် ဖျန်ဖြေပေးကြသော ဦးနိုင်ငံလင်း၊ ဦးကျော်သူနှင့် ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။အဆိုပါ ဖြစ်စဉ်မှ ဇော်လတ်(ခ) အောင်ဇော်လတ်၊ ထက်ကို(ခ) ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့သုံးဦးအား သာကေတမြို့နယ် တရားရုံးတွင် ပုဒ်မ ၃၂၆/၃၂၃/၂၉၄ တို့ဖြင့် သာကေတမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဒေါ်ချိုချိုက တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုဇော်လတ် (ခ) အောင်ဇော်လတ်ကိုမူ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် ထပ်တိုး တရားစွဲထားကြောင်း သိရသည်။NLD ပါတီဝင် ဦးနိုင်ငံလင်းသည် လက်ရှိတွင် သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမှတ် (၁) ကိုယ်စားလှယ်တစ်ဦး ဖြစ်ကြောင်း သိရသည်။
ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင် အချို့ ဓားဖြင့် တိုက်ခိုက်ခံရသည့် အမှုမှ စွပ်စွဲခံရသူ သုံးဦးအား (၁၀) ကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေနှစ်ဦးအား ဆက်လက်စစ်ဆေး