ကျောင်းသားသပိတ် ထောက်ခံဆန္ဒပြမှုကြောင့် ဒေါ်နီလာသိန်း (၈၈ငြိမ်း/ပွင့်)၊ ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့် ကိုလင်းထက်နိုင်တို့ကို မရမ်းကုန်းတရားရုံးတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ဖြင့် စတင်တရားစွဲဆိုပြီး ဒေါ်နီလာသိန်းမှာ အာမခံ မလျှောက်ထားသဖြင့် ၎င်းကို အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို သမိုင်းလမ်းဆုံမှ စတင်ကာ ထောက်ခံဆန္ဒပြသည့်အတွက်ဟုဆိုကာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ ဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲအုပ်သန်းဝင်းက ဒေါ်နီလာသိန်း၊ မဖြိုးဖြိုးအောင်နှင့် ကိုလင်းထက်နိုင်တို့ကို တရားစွဲဆိုခြင်းဖြစ်ပြီး ယခုရုံးချိန်းတွင် တရားလိုဖြစ်သူကို စစ်ဆေးမေးမြန်းခဲ့သည်။မဖြိုးဖြိုးအောင်နှင့် ကိုလင်းထက်နိုင် (ခ) ဂျိမ်းတို့အတွက် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က တရားလိုဖြစ်သူ ရဲအုပ်သန်းဝင်းကို စစ်ဆေးမေးမြန်းခဲ့ပြီး ဒေါ်နီလာသိန်းမှာ ရှေ့နေမခေါ်ဘဲ တရားလိုကို ၎င်းကိုယ်တိုင် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။“ကျွန်မနေအိမ် အိမ်လိပ်စာအမှားနဲ့ ကျွန်မကို လိုက်ရှာတယ်။ ပြီးတော့ တရားခံပြေးအဖြစ် ကြေငြာတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွှမ်းစေတယ်။ နောက်ပြီး စခန်းမှူးတစ်ယောက်ဟာ အလုပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ၊ လက်အောက်က နယ်ထိန်းရဲတွေကိုပဲ စစ်ဆေးခိုင်းပြီး သေချာမရှာဘဲ ကျွန်မကို တရားခံပြေး ကြေငြာတာဖြစ်တဲ့အတွက် ကျွန်မတို့ကို တရားလိုပြုလုပ် တရားစွဲဆိုတဲ့ ရဲအုပ်သန်းဝင်းကို အရေးယူသင့်ကြောင်း တရားရုံးမှာ လျှောက်လိုက်တယ်။ နောက်ပြီး ဒီအမှုမှာ ကျွန်မ အာမခံ လုံးဝမယူဘူး”ဟု ဒေါ်နီလာသိန်း (၈၈ငြိမ်း/ပွင့်)မှ မီဒီယာများသို့ ပြောကြားသည်။
ဒေါ်နီလာသိန်း (၈၈ ငြိမ်း/ပွင့်) ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မရမ်းကုန်းတရားရုံးတွင် တွေ့ရစဉ်တရားလို ရဲအုပ်သန်းဝင်းကို အရေးယူသင့်ကြောင်း လျှောက်ထားမှုကို မရမ်းကုန်းမြို့နယ် တရားသူကြီးက ရဲတရားရုံးများနှင့်သာ သက်ဆိုင်ကြောင်းနှင့် ဒေါ်နီလာသိန်း၏ ပြောကြားချက်ကိုမူ တရားရုံးတွင် မှတ်တမ်းတင်ပေးထားကြောင်း ပြောကြားခဲ့သည်။ယခုအမှုနှင့် ပတ်သက်၍ ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က “ဒီအမှုက ဒီမိုကရေစီပညာရေးသပိတ်ကို ထောက်ခံတဲ့ လူငယ်တွေစုပြီး လုပ်တာဖြစ်တယ်။ ကျွန်မကလည်း ဒီမိုကရေစီပညာရေးစစ်ကြောင်းကို ကိုယ်စားပြုတဲ့အနေနဲ့ ဝင်ပါပေးတာဖြစ်တယ်။ တကယ်တမ်းဆိုရင် ကျွန်မဦးဆောင်တာတော့ မဟုတ်တာ သေချာတယ်။ တရားလို ရဲအုပ်ပြောသွားတာ တင်ပြချက်တွေကလည်း မှားယွင်းနေပါတယ်။ ဆန္ဒပြတဲ့ ကားထွက်တဲ့နေရာကစပြီး ထွက်ချက်တွေက မှားနေတာပါ။ ကျွန်မတို့ကိုသူတို့က မြင်ဖူးနေလို့သာ ဦးဆောင်တယ်ဆိုပြီး တရားစွဲဆိုတာပါ။ တကယ်တမ်းဆို ရဲတွေနဲ့တောင် ကျွန်မတို့နဲ့ စကားပြောခြင်းမရှိခဲ့ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ပုဒ်မ ၁၈ဟာ တက်ကြွလှုပ်ရှားသူတွေကို လိုသလိုသုံးတဲ့အတွက် အလွန်အန္တရာယ်ရှိတဲ့ ပုဒ်မဆိုတာ သေချာနေပါတယ်”ဟုပြောကြားသည်။နောက်ရုံးချိန်းကို မတ်လ ၇ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ပြီး ကိုလင်းထက်နိုင်နှင့် ဒေါ်နီလာသိန်းတို့မှာ အင်းစိန်ထောင်နှင့် မဖြိုးဖြိုးအောင်မှာ သာယာဝတီအကျဉ်းထောင်မှ တရားလာရောက် ရင်ဆိုင်ရမည်ဖြစ်သည်။















