တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးနေအိမ်တွင် နှိပ်စက်ခံခဲ့ရသည့် ရှစ်နှစ်အရွယ် မိန်းကလေး၏အမှုတွင် တရားလိုအား စတင်စစ်ဆေး

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးနေအိမ်တွင် နှိပ်စက်ခံခဲ့ရသည့် ရှစ်နှစ်အရွယ် မိန်းကလေး၏အမှုတွင် တရားလိုအား စတင်စစ်ဆေး
Published 22 February 2016
ပြည့်ဖြိုးအောင်

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦး၏နေအိမ်တွင် နှိပ်စက်ခံရသည့် ရှစ်နှစ်အရွယ် မိန်းကလေးငယ်အမှုကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ စစ်ဆေးခဲ့သည်။ယင်းနေ့တွင် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သည့် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး အသက်မွေးအတတ်ပညာကျောင်း၏ ဒုကျောင်းအုပ် ဒေါ်စန်းစန်းထွေးအား စစ်ဆေးခဲ့သည်။ထိုသို့ စစ်ဆေးရာတွင် တရားလိုက အမှုနှင့် ပတ်သက်၍ အခင်းဖြစ်သည့် အကြောင်းအရင်းကို တရားရုံးသို့ ဦးတိုက်လျှောက်ထားကြောင်း၊ အခင်းဖြစ်ပြီးနောက် နှိပ်စက်ခံရသည့် မိန်းကလေးမှာ ၎င်း၏ ကျောင်းသို့ ရောက်ချိန်တွင် မိန်းကလေး၏ခန္ခာကိုယ်မှ ဒဏ်ရာများအား နှိပ်စက်ခံရသည့် မိန်းကလေး၏ပြောဆိုချက်များအတိုင်း တရားရုံး၌ ထွက်ဆိုခြင်းများ ပြုလုပ်ခဲ့သည်။ယင်းနောက် စွပ်စွဲခံရသူ ဒေါ်သန်းနွဲ့၏ ရှေ့နေဖြစ်သူက တရားလို၏ ထွက်ဆိုချက်များကို အပြန်အလှန်မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ရုံးချိန်းအား မတ် ၇ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်တွင် နှိပ်စက်ခံခဲ့ရသည့် အသက်ရှစ်နှစ်အရွယ် မိန်းကလေးအမှုနှင့် ပတ်သက်၍ အိမ်အကူဖြစ်သူ ဒေါ်သန်းနွဲ့အား  ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ) အရ အရေးယူကြောင်း ဗဟန်းမြို့နယ် တရားသူကြီးက ဇန်နဝါရီ ၂၅ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီးနောက် အမှုအား စတင်စစ်ဆေးနေခြင်း ဖြစ်သည်။အဆိုပါအမှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ တပ်မတော်သား ကိုယ်စားလှယ်ဟောင်း ဗိုလ်မှူးကျော်နုမော်အား တပ်မတော်မှ စုံ၊ ခုံ၊ ဖွဲ့စစ်ဆေး၍ ပြင်းပြင်းထန်ထန် အရေးယူခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်က ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ခြံအမှတ် 25 (C-4) နေအိမ်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးသည် ထမင်းအိုးအတွင်းသို့ လက်မဆေးပဲ နှိုက်ခဲ့သောကြောင့် အဆူခံရသဖြင့် အိမ်သာအတွင်းသို့ ဝင်နေပြီး တံခါးချက်ချ ပိတ်ထားခဲ့ခြင်းကြောင့် အိမ်အကူဖြစ်သူ မသန်းသန်းဝေက ပြတင်းပေါက်မှ ဝင်ရောက်ကာ အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား ခေါ်ထုတ်၍ ရိုက်နှက်ဆုံးမခဲ့ပြီး မီးဖိုခန်းအတွင်း လက်အား ထိုင်ခုံနှင့် ကြိုးချည်ထားခဲ့သည်။ထို့ပြင် နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်သန်းနွဲ့က အပြစ်ပေးသည့်အနေဖြင့် အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား ၎င်းနှင့်အတူ ကြမ်းတိုက်ခိုင်းရာ မလုပ်သဖြင့် နေအိမ်အရှေ့၌ အဝတ်မပါဘဲ ကြိုးတုပ်ထားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။အသက်ရှစ်နှစ်အရွယ် မိန်းကလေးမှာ ဝါးခြမ်းပြားဖြင့် ရိုက်နှက်ခံခဲ့ခြင်း၊ ကြိုးဖြင့် တုပ်ခံခဲ့ရခြင်း၊ နေပူလှန်း ခံခဲ့ရသောကြောင့် ၎င်း၏မျက်နှာ၊ ယာလက်ကောက်ဝတ်နှင့် လက်ခုံ၊ ရင်ဘတ်၊ ကျောပြင်နှင့် ဝဲ/ယာပေါင်တို့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။   

Most Read

Most Recent