ဗဟိုဘဏ်၏ ရည်ညွှန်း တစ်ဒေါ်လာလဲနှုန်း ၁၂၃၄ ကျပ်သို့ ပြန်လည်မြင့်တက်လာပြီး ပြင်ပဈေးကွက် ဒေါ်လာလဲနှုန်းနှင့် ၁၃ ကျပ်ဝန်းကျင် ဆက်လက်ကွာဟ

ဗဟိုဘဏ်၏ ရည်ညွှန်း တစ်ဒေါ်လာလဲနှုန်း ၁၂၃၄ ကျပ်သို့ ပြန်လည်မြင့်တက်လာပြီး ပြင်ပဈေးကွက် ဒေါ်လာလဲနှုန်းနှင့် ၁၃ ကျပ်ဝန်းကျင် ဆက်လက်ကွာဟ
Published 18 February 2016
အောင်မြတ်ကို

ဗဟိုဘဏ်၏ ရည်ညွှန်း တစ်ဒေါ်လာလဲနှုန်း ၁၂၃၄ ကျပ်သို့ ပြန်လည်မြင့်တက်လာပြီး ပြင်ပဈေးကွက် ဒေါ်လာလဲနှုန်းနှင့် ၁၃ ကျပ်ဝန်းကျင် ဆက်လက်ကွာဟလျက်ရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး အသိုင်းအဝိုင်းအထံမှ စုံစမ်းသိရသည်။ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ တစ်ဒေါ်လာ သတ်မှတ်နှုန်းကျပ် ၁၂၃၀ တွင် တည်ငြိမ်ခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ တစ်ဒေါ်လာ သတ်မှတ်နှုန်းမှာ ၁၂၃၂ ကျပ်သို့ ပြန်လည်တိုးမြှင့် သတ်မှတ်ခဲ့ပြီး ၁၈ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ နှစ်ကျပ် ထပ်မံတိုးမြှင့်ခဲ့သည့်အတွက် တစ်ဒေါ်လာ သတ်မှတ်နှုန်းမှာ ၁၂၃၄ ကျပ်ရှိလာခဲ့သည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီတတိယပတ်အတွင်း အတက် အကျ အပြောင်းအလဲများလျက်ရှိပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၄၂ ကျပ်ဝန်းကျင်မှ တစ်ရက်အတွင်း ၁၈ ကျပ်ဝန်းကျင် မြင့်တက်ခဲ့ပြီး ၁၆ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ကျပ် ၁၂၆၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်တွင်တစ် ဒေါ်လာလျှင် ၁၂၆၄ ကျပ်ဝန်းကျင်အထိ မြင့်တက်ပြီးနောက် ညနေပိုင်းတွင် ၁၂၅၂ ကျပ်ဝန်းကျင်သို့ ပြန်လည် ကျဆင်းခဲ့ကာ ၁၈ ရက် နေ့လည်ပိုင်းတွင် တစ်ဒေါ်လာလဲနှုန်း ၁၂၅၂ ကျပ်ဝန်းကျင်မှ ညနေပိုင်းတွင် တစ်ဒေါ်လာ ရောင်းဈေး ၁၂၄၇ ကျပ်ဝန်းကျင်သို့ ဆက်လက် ကျဆင်းခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် ဖေဖော်ဝါရီ ၁၈ ရက် နိုင်ငံခြားငွေကြေးလေလံတွင် ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများသို့ အမေရိကန် တစ်ဒေါ်လာလျှင် ၁၂၃၄ ကျပ်ဖြင့် ဒေါ်လာ နှစ်သိန်း ရောင်းချခဲ့ပြီး ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၄၄ ကျပ်ဝန်း ကျင်၊ ဝယ်ဈေးကျပ် ၁၂၃၅ ဝန်းကျင်တွင် ရှိနေခဲ့သည်။
ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွင် ဗဟိုဘဏ်သတ်မှတ်ထားသော ဒေါ်လာလဲနှုန်းသည်၂၀၁၅ ခုနှစ်အတွင်း တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ်အထိ ရောက်ရှိခဲ့ပြီးနောက် ဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်ကျဆင်းခဲ့သော ဒေါ်လာသတ်မှတ်နှုန်းသည် ဖေဖော်ဝါရီ   ၁၈ ရက်တွင် ၁၂၃၄ ကျပ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက်များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာသတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ သတ်မှတ်ခဲ့သည်။
ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၃၄  ကျပ်သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၄၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၄၃ ကျပ် ဝန်းကျင်တွင် ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Most Read

Most Recent