မြန်မာနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူနိုင်သူ အရေအတွက်မှာ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့် အကြားသာ ရှိနေပြီး ဘဏ်ချေးငွေစနစ်ဖွံ့ဖြိုးမှု မရှိခြင်းက အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးမှုအတွက် အကျပ်အတည် းဖြစ်နေဟု House.com.mm ထုတ်ပြန်

မြန်မာနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူနိုင်သူ အရေအတွက်မှာ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့် အကြားသာ ရှိနေပြီး ဘဏ်ချေးငွေစနစ်ဖွံ့ဖြိုးမှု မရှိခြင်းက အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးမှုအတွက် အကျပ်အတည် းဖြစ်နေဟု House.com.mm ထုတ်ပြန်
Published 18 February 2016
ဖြိုးဝေ

မြန်မာနိုင်ငံတွင် အိမ်ခြံမြေ ဝယ်ယူနိုင်သူ အရေအတွက်မှာ စုစုပေါင်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအကြားသာ ရှိနေပြီး ဘဏ်ချေးငွေစနစ်များ ဖွံ့ဖြိုးမှုမရှိခြင်းက အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျပ်အတည်း ဖြစ်လာနေကြောင်း ပြည်တွင်းအိမ်ခြံမြေ ဝက်ဘ်ဆိုက်ဖြစ်သည့် House.com.mm က သတင်းထုတ်ပြန်သည်။
ဘဏ်များမှ ချမှတ်ပေးနိုင်သော အိမ်ခြံမြေ စီမံကိန်း ချေးငွေများ မရှိခြင်းမှာ အိမ်ရာပိုင်ဆိုင်မှု ပမာဏ နည်းပါးခြင်းအတွက် အကျိုးသက်ရောက်မှုတစ်ခု ဖြစ်လာနေသည်ဟု House.com.mm က သတင်းထုတ်ပြန်သည်။
"ချေးငွေရရှိဖို့ အခွင့်အရေး နည်းပါးခြင်းက လူအနည်းငယ်ကိုပဲ အိမ်ခြံမြေပိုင်ဆိုင်စေတဲ့ အခြေအနေကို ဖြစ်ပေါ်စေခဲ့တယ်" ဟု ဘဏ္ဍာရေးဆိုင်ရာ အကြံပေးနှင့် ရှေ့နေတစ်ဦးဖြစ်သူ ဦးအောင်ဖြိုးလတ်က ဆိုသည်။
မြန်မာနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူနိုင်သူ အရေအတွက်မှာ အလွန်နည်းပါးနေပြီး ချမ်းသာကြွယ်ဝသော နိုင်ငံသား အနည်းစု (မှန်းခြေ ၁၀ မှ ၁၅ % ကြား) သာလျှင် အိမ်ခြံမြေများ ဝယ်ယူရန် ငွေကြေး တတ်နိုင်ကြောင်းနှင့် အဆိုပါ လူနည်းစုတွင်မှ အများစုကလည်း အိမ်ခြံမြေလုပ်ငန်းတွင် တိုက်တာအိုးအိမ် အချို့ကို ဝယ်ယူပြီး ပြန်လည်ငှားရမ်းခြင်းဖြင့် ရင်းနှီးမြှုပ်နှံနေသည်ဟု ဦးအောင်ဖြိုးလတ်က ဆိုသည်။
မြန်မာနိုင်ငံ၌ အရစ်ကျချေးငွေ ထုတ်ပေးမှုများတွင် မြန်မာနိုင်ငံ ဗဟိုဘဏ်က ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများဖြင့် ထုတ်ချေးပေးနေ ရခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်များကို ပြင်ပပုဂ္ဂလိက ဘဏ်များက လိုက်နာရန် လိုအပ်သည်။ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း ဘဏ်ချေးငွေ အကြွေးများအပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာရသဖြင့် ဘဏ်များက ဒေသခံများကို စီမံကိန်းအသစ်များ စတင်လုပ်ဆောင်ရန် သို့မဟုတ် အိုးအိမ် တိုက်တာ ဝယ်ယူရန်အတွက်ပင် ချေးငွေမထုတ်ပေး နိုင်တော့မည်ကို ထိတ်လန့်သည်အထိ ဖြစ်ပွားလာခဲ့ကြောင်း House.com.mm ၏ ထုတ်ပြန်ချက်က ဆိုသည်။
"ဘဏ်အများစုက အိမ်ခြံမြေလုပ်ငန်း အပိုင်းမှာ ရင်းနှီးမြှုပ်နှံသူ ဒါမှမဟုတ် ငွေကြေးထောက်ပံ့ပေးသူအဖြစ် ပါဝင်လေ့ မရှိတဲ့အတွက် ဘယ်လိုအိမ်ရာ တည်ဆောက်ရေး စီမံကိန်းအတွက်ဖြစ်ဖြစ် ငွေကြေးအထောက်အပံ့ ရရှိဖို့ နည်းလမ်းအနည်းငယ်သာ ရှိတယ်" ဟု Tip Top အိမ်ခြံမြေဈေးကွက် သင်ကြားရေးကျောင်းမှ ဦးဌေးလွင်က ဆိုသည်။
အိမ်ရာတစ်ခု တည်ဆောက်ရန်အတွက် လိုအပ်သော ငွေကြေးကို ရရှိနိုင်ရန် နည်းလမ်းများမှာလည်း ဘဏ်မှချေးငွေ၊ ကြိုတင်ရောင်းချခြင်းနှင့် ပုဂ္ဂလိက ငွေချေးလုပ်ငန်းများသာ ရှိနေကြောင်းလည်း ဦးဌေးလွင်က ထပ်မံပြော ကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အခြေချထားသော နိုင်ငံခြားဘဏ်ခွဲများမှာလည်း ဒေသတွင်းဘဏ်များနှင့် ပူးပေါင်းပြီးမှသာ ချေးငွေများ ချပေးနိုင်သည်။ လက်ရှိဘဏ်လုပ်ငန်း စနစ်ကြောင့် အိမ်ခြံမြေ အပါအဝင် ဖွံ့ဖြိုးရေး လုပ်ဆောင်သူများ အနေနှင့် ချေးငွေရရှိရန် အခက်အခဲအချို့ကို ရင်ဆိုင်နေရကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
သို့သော်လည်း အချို့သောဘဏ်များမှ လူထုသို့ တိုက်ရိုက်ချေးငွေများကို စတင်ချပေးလာခြင်းများလည်း ရှိလာနေပြီး  ဥပမာအားဖြင့်၊ အစိုးရစီမံကိန်းကို ဝယ်ယူသူများအတွက် ချေးငွေထုတ်ပေးသော CHDB ဘဏ်၊  ဧရာဝတီဘဏ်၊ AGD ဘဏ်များမှလည်း ၎င်းတို့သတ်မှတ်ထားသော စီမံကိန်းများတွင် တိုက်ခန်းများ ဝယ်ယူရရှိနိုင်ရန် အတွက် ချေးငွေများ ထုပ်ပေးနေသည်။
"မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများနဲ့ အိမ်ရာဖွံ့ဖြိုးမှု စီမံကိန်းများအတွက် ဘဏ်များရဲ့ အခန်းကဏ္ဍများဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘဏ်များအနေနဲ့ သင်တော်တဲ့ နည်းလမ်းများနဲ့ အထောက်အကူ ပြုနိုင်မယ် ဆိုရင်တော့ နိုင်ငံတွင်းက ဆောက်လုပ်ရေးနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှု စီမံကိန်းတွေဟာ ပိုမိုမြန်ဆန်စွာ အကောင်အထည် ဖော်နိုင်မှာဖြစ်ပြီး ငွေကြေးဆိုင်ရာ ပြဿနာတွေကြောင့် စီမံကိန်းများ ကြန့်ကြာခြင်း ပြဿနာကိုလည်း ဖြေရှင်းရာ ရောက်မယ်လို့ ထင်ပါတယ်" ဟု House.com.mm မှ မန်နေးဂျင်း ဒါရိုက်တာ Mr.BalajiRamaswami ကဆိုသည်။
ဒေသတွင်း နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မြေဈေးနှုန်းများအနက် မြန်မာနိုင်ငံ၏ မြေဈေးနှုန်းသည် တစ်စတုရန်းမီတာလျှင် ပျမ်းမျှ ၆၀၅ ဒေါ်လာနှင့် အမြင့်ဆုံး ဖြစ်နေပြီး မြန်မာနိုင်ငံကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားသည့် ပါကစ္စတန်နိုင်ငံ၏ ပျမ်းမျှမြေဈေးမှာ တစ်စတုရန်း မီတာလျှင် ၂၅၈ ဒေါ်လာသာရှိကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပျမ်းမျှမြေဈေးနှုန်းမှာ တစ်စတုရန်း မီတာလျင် ၂၀၉ ဒေါ်လာသာရှိ၍ အင်ဒိုနီးရှားနိုင်ငံ၏ ပျမ်းမျှမြေဈေးနှုန်းမှာ တစ်စတုရန်းမီတာလျှင် ၂၅၉ ဒေါ်လာသာ ဖြစ်နေ၍ မြန်မာနိုင်ငံ၏ ပျှမ်းမျှမြေဈေးနှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမြင့်ဆုံး ဖြစ်နေကြောင်း သိရသည်။
 

Most Read

Most Recent