၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် နေပြည်တော်၌ ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ခေါင်းဆောင်နှစ်ဦးကြား ယခုလို တွေ့ဆုံမှုသည် တတိယအကြိမ်မြောက်ဖြစ်ပြီး မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီ မိနစ် ၄၀ အထိ တစ်နာရီကျော် ကြာမြင့်ခဲ့ကာ နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး Facebook စာမျက်နှာတွင် သတင်းထုတ်ပြန်မှုအရ သိရသည်။အဆိုပါ တွေ့ဆုံမှုတွင် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ ပါဝင်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့ ပါဝင်သည်။ခေါင်းဆောင်နှစ်ဦးသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်ကလည်း နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဒုတိယအကြိမ်မြောက်အဖြစ် နှစ်နာရီ နီးပါးကြာ တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှုတွင် ရွေးကောက်ပွဲလွန် ကာလ Transition နှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များ၊ လွှတ်တော်နှင့် ပတ်သက်သော ကိစ္စရပ်များ၊ နောင်ဖြစ်ပေါ်လာမည့် အစိုးရ ဖွဲ့စည်းရေးဆိုင်ရာများ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်းရေး ရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် နေပြည်တော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်အတွက် အကျိုးရှိမည့် ကိစ္စများကို နှစ်ဦးပူးပေါင်း ဆောင်ရွက်ရန် သဘောတူခဲ့ကြောင်းနှင့် ကောင်းမွန်သည့် ဆွေးနွေးမှု ရရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး မီဒီယာများကို ပြောကြားသည်။နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒကို အလေးထား၍ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြပါကြောင်း Senior General Min Aung Hlaing facebook စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၄၇၅ ဦးနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိခဲ့သည်။ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးတွင် ရွေးချယ် တင်မြှောက်ရမည့် ဒုတိယသမ္မတ နှစ်ဦးကို ရွေးချယ်တင်မြှောက်ခွင့် ရရှိထားပြီဖြစ်သည်။ ထို့ပြင် သမ္မတ ရွေးချယ်တင်မြှောက်ရာတွင် လိုအပ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၃ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး စုစုပေါင်း ၆၅၇ ဦး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြစ်သည့် ၃၂၉ နေရာကိုလည်း ကျော်လွန်စွာ ရရှိထားပြီ ဖြစ်သဖြင့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ပြီဖြစ်သည်။နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများကို မတ် ၁၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီ ၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တတိယအကြိမ် တွေ့ဆုံမှုတွင် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ ဆွေးနွေး















