မော်လမြိုင်မြို့ရှိ SCG ဘိလပ်မြေ စက်ရုံအား ယခုနှစ် နှစ်လယ်ပိုင်းမှ စ၍ လုပ်ငန်း လည်ပတ်နိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန် ၁ ဒသမ ၈ သန်း ထုတ်လုပ်မည်

မော်လမြိုင်မြို့ရှိ SCG ဘိလပ်မြေ စက်ရုံအား ယခုနှစ် နှစ်လယ်ပိုင်းမှ စ၍ လုပ်ငန်း လည်ပတ်နိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန် ၁ ဒသမ ၈ သန်း ထုတ်လုပ်မည်
Published 17 February 2016
ဆန်းထူးအောင်

မော်လမြိုင်မြို့ရှိ SCG ဘိလပ်မြေ စက်ရုံအား ယခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ လုပ်ငန်းလည်ပတ်သွားမည်ဖြစ်ပြီး တစ်နှစ်လျှင် ဘိလပ်မြေတန်ချိန် ၁ ဒသမ ၈ သန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က SCG Cement Materials Myanmar office တွင် ပြုလုပ်သည့် MCL ဘိလပ်မြေစက်ရုံ တည်ဆောက်ဆဲ အခြေအနေနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် Mawlamyine Cement Ltd.(MCL) ၏ မန်နေဂျင်း ဒါရိုက်တာ Mr.Wijit Terasarun က ပြောသည်။“MCL ကို ပြည်တွင်းစီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် တည်ထောင်သွားဖို့ ပုံစံချထားပါတယ်။ ဝန်ထမ်းတွေကို ပြည်တွင်းကပဲ ခန့်အပ်ပြီး ကျွမ်းကျင်လာအောင် လေ့ကျင့်သင်ကြား ပေးသွားမှာပါ။ ဒါ့ပြင် လူမှု အသိုင်းအဝိုင်းကို အကျိုးပြု အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းက ဒေသအတွင်းမှာ ဘိလပ်မြေစက်ရုံ ခုနစ်ရုံကို တည်ထောင် လည်ပတ်နေပါပြီ။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး စီမံခန့်ခွဲမှု နည်းစနစ်တွေ၊ သဘာ၀ ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်တာတွေ၊ ထုတ်လုပ်ရေး နည်းစနစ်တွေ၊ ကျွမ်းကျင်ဝန်ထမ်း မွေးထုတ်တာတွေ စတာတွေ အားလုံးကို မြန်မာနိုင်ငံမှာ ဆောက်လုပ်တဲ့ စက်ရုံအတွက် ယူဆောင်လာမှာ ဖြစ်ပါတယ်” ဟု Mr.Wijit Terasarun က ပြောကြားသည်။Mawlamyine Cement Ltd.(MCL) အား မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၃ ခုနှစ် မေလတွင် မှတ်ပုံတင်ကာ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စက်ရုံအား ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားကာ တည်ဆောက်မှု ၆၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းစတင် လည်ပတ်ပါက အလုပ်အကိုင် နေရာပေါင်း ၃၀၀ ကျော်ကိုလည်း ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်အောင် ဒီဇိုင်းရေးဆွဲထားပါတယ်။ စားသုံးသူတွေ၊ တခြားလုပ်ငန်းစုတွေ၊ အစိုးရ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ဒေသခံ လူထုအသိုင်းအဝိုင်းတွေ စတာတွေနဲ့လည်း ပူးပေါင်းဆောင်ရွက် သွားပါမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။Mawlamyine Cement Ltd.(MCL) အား SCG Cement Co.,Ltd. မှ ရာခိုင်နှုန်း ၇၀၊ Pacific Link Cement Industries Ltd. မှ ရာခိုင်နှုန်း ၃၀ ရင်းနှီးမြှုပ်နှံထားကြောင်းလည်း သိရသည်။ ဘိလပ်မြေစက်ရုံ လည်ပတ်ရာတွင် အသုံးပြုရန် လျှပ်စစ်မီးအား စက်ရုံစွန့်ပစ်ပစ္စည်းများမှ တစ်ဆင့် ကိုးမဂ္ဂါဝပ် ထုတ်လုပ်သွားမည်ဖြစ်ပြီး ကျောက်မီးသွေးမှ ၄၀ မဂ္ဂါဝပ် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ဘိလပ်မြေစက်ရုံ တည်ဆောက်ရာတွင် ဒေသခံများမှ ကန့်ကွက်မှု မရှိသော်လည်း စက်ရုံလည်ပတ်ရန် အသုံးပြုမည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံမှ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကြောင့် ဒေသခံများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည်ကို မလိုလားကြောင်း သိရသည်။          

Most Read

Most Recent