ပြည်နယ်/တိုင်း လွှတ်တော်ကိုယ်စားလှယ်များအား ဥပဒေပိုင်းဆိုင်ရာ အချက်အလက်များ ရှာဖွေကူညီ ပံ့ပိုးရန် ဖွဲ့ထားသည့် MCERP အဖွဲ့ အနေဖြင့် ရန်ကုန်တိုင်း၌ စတင် လုပ်ဆောင်မည်

ပြည်နယ်/တိုင်း လွှတ်တော်ကိုယ်စားလှယ်များအား ဥပဒေပိုင်းဆိုင်ရာ အချက်အလက်များ ရှာဖွေကူညီ ပံ့ပိုးရန် ဖွဲ့ထားသည့် MCERP အဖွဲ့ အနေဖြင့် ရန်ကုန်တိုင်း၌ စတင် လုပ်ဆောင်မည်
Published 17 February 2016
အောင်ဇော်ထွန်း

ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို ဥပဒေပိုင်းဆိုင်ရာ အချက်အလက်များ ရှာဖွေကူညီ ပံ့ပိုးရန် ဖွဲ့စည်းထားသည့် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့ (MCERP) အနေဖြင့် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များအား အကူအညီပေးခြင်းကို စတင် လုပ်ဆောင်မည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုမူ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။နိုင်ငံရေး အကျဉ်းသားဟောင်းများ ပါဝင်သည့် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များ အားပေးမြှင့်တင်ရေး အဖွဲ့ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မိတ်ဆက်ရှင်းပြသည့် အခမ်းအနားကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ ကျင်းပခဲ့သည်။MCERP အမှုဆောင် ဒါရိုက်တာ ဦးဇော်ရဲဝင်းက “ကျွန်တော်တို့က အခု ဘာစလုပ်မလဲဆိုတော့ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေမှာ ကိုယ်စားလှယ်ရဲ့ လိုအပ်ချက်တွေ ရှိလာတဲ့အခါ ကျွန်တော်တို့က အကူအညီပေးဖို့ ရှိပါတယ်။ ဒီနေရာမှာ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲလေးတွေ ရှိမယ်။ နောက် ရန်ကုန်တိုင်းလွှတ်တော် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လစဉ် သတင်းလွှာထုတ်ဖို့ ရှိပါတယ်။ အခု လောလောဆယ်က ပထမ အဆင့်က ရန်ကုန်ကို စမယ်။ စပြီး အဆင်ပြေပြီ ဆိုတဲ့အခါ နောက်ထပ် ဌာနထပ်တိုးချဲ့တဲ့ အခါ ကျွန်တော်တို့က အခြားပြည်နယ်နဲ့ တိုင်းတွေကို ထပ်တိုးချဲ့သွားမှာပါ” ဟု ပြောကြားသည်။အဆိုပါ MCERP အဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များကို ဥပဒေပိုင်းဆိုင်ရာ အချက်အလက်များ ရှာဖွေပေးနိုင်ရန် အပါအဝင် ဥပဒေပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးမည့် ဥပဒေအကြံပေး အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။MCERP ဥပဒေအကြံပေး အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးရန်နိုင်အောင် (ခ) ဦးဖိုးဖြူက “ကျွန်တော်တို့အဖွဲ့ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကို ဥပဒေရေးရာ ဝန်ဆောင်မှုတွေ ပေးဖို့က ကျွန်တော်တို့ လုပ်ငန်းတာဝန် ကဏ္ဍတစ်ရပ် အနေနဲ့ ပါဝင်ပါတယ်။ ကိုယ်စားလှယ်ကြီးတွေက အလိုရှိလို့ သိချင်လို့ မေးမြန်းလာမယ် စုံစမ်းလာမယ် ဆိုရင် ဥပဒေ အချက်အလက်တွေကို ကျွန်တော်တို့ ရှာဖွေပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ အဲဒါအပြင် ကိုယ်စားလှယ်တော်ကြီးတွေ အနေနဲ့ အခြား သိလိုတဲ့ အချက်တွေလည်း ရှိလာနိုင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေနဲ့ တိုင်းဒေသကြီးလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေ အချင်းချင်း ပဋိပက္ခ ဖြစ်တာတွေ အဲဒီ ဥပဒေတွေ ကြားထဲမှာ မတူညီ ကွဲလွဲတာတွေ ရှိခဲ့မယ် ဆိုရင်လည်းပဲ ကျွန်တော်တို့တွေက အခါအားလျော်စွာ စုဆောင်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။ နောက် အထူးသဖြင့် အနေနဲ့ကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ပေါ်ပေါက်လာတော့မယ်။ အစ်ကိုတို့ အနေနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်ကို မျှော်လင့်မှာပဲ ဖြစ်တယ်ဆိုတာ ကျွန်တော်လည်း သိထားတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာဖို့ အတွက်ကို ကိုယ်စားလှယ်တော်ကြီးများ အနေနဲ့ လွှတ်တော်ကဏ္ဍတစ်ရပ် အနေနဲ့ ထိန်းကျောင်းမှာ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ၎င်းတို့ လိုအပ်သည့် အချက်အလက် အကိုးအကား၊ စာအုပ်စာတမ်းများကို ရှာဖွေပေးရန် တောင်းဆိုလာပါက ရှာဖွေပံ့ပိုးသွားမည် ဖြစ်သည်ဟု MCERP အဖွဲ့ ဒါရိုက်တာ ဦးသက်ဇော်က ပြောကြားသည်။                

Most Read

Most Recent