မန္တလေးနှင့် ကျောက်ဆည်ခရိုင် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုရဲရင့်ပိုင်မှူးအား ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသောအမှု ဆက်လက်မစစ်ဆေးဘဲ ရပ်ဆိုင်းရန် လျှောက်လဲချက်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြားဖြတ်အမိန့်ချမည်

မန္တလေးနှင့် ကျောက်ဆည်ခရိုင် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုရဲရင့်ပိုင်မှူးအား ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသောအမှု ဆက်လက်မစစ်ဆေးဘဲ ရပ်ဆိုင်းရန် လျှောက်လဲချက်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြားဖြတ်အမိန့်ချမည်
Published 17 February 2016
ယဉ်မျိုးသွယ် (မန္တလေး)

မန္တလေးနှင့်ကျောက်ဆည်ခရိုင် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုရဲရင့်ပိုင်မှူးကို ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသောအမှုအား ဆက်လက် မစစ်ဆေးဘဲ အမှုရပ်ဆိုင်းရန် လျှောက်လဲချက်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် အဆိုပါလျှောက်လဲချက်အတွက် ကြားဖြတ်အမိန့်ချမှတ်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက် ရုံးချိန်းမှ သတင်းရရှိသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၃ အရ ကိုရဲရင့်ပိုင်မှူးအား စွဲဆိုထားသော အမှုကို ဆက်လက်မစစ်ဆေးဘဲ ရပ်ဆိုင်းပေးရန် လျှောက်ထားခဲ့ရာ ဥပဒေအရာရှိက ကန့်ကွက်ခဲ့သဖြင့် ယနေ့ရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ခြင်း ဖြစ်သည်။ပုဒ်မ ၁၈ သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါဘဲ ဆန့်ကျင်ကွဲလွဲနေရာ မူလကတည်းက ပျက်ပြယ်ပြီးသား ဖြစ်နေကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအရ သော်လည်းကောင်း ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၅၄ (ခ) အရ လက်နက်မပါဘဲ နိုင်ငံသားတစ်ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ရှိသည်မှာတစ်ကြောင်း စသည်တို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စစ်ဆေးကြားနာရန် တင်ပြပြီး လက်ရှိ စစ်ဆေးနေသော အမှုကို ရပ်ဆိုင်ပေးရန် ရှေ့နေက လျှောက်လဲချက်ပေးခဲ့သည်။“ကျွန်တော်တို့ ကျောင်းသားတွေကို ခုလို ထပ်မံအမှုဖွင့်နေတာတွေဟာ အငြှိုးနဲ့ လုပ်နေတာလို့ မြင်ပါတယ်။ လက်ပံတန်းမှာ မလိုအပ်ဘဲ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းလိုက်တယ်။ ဒီလိုဖြေရှင်းလိုက်တာဟာ နိုင်ငံတကာမှာ သူတို့ပုံရိပ်က ပိုပေါ်သွားတယ်။ အဲဒီလိုဖြစ်တာဟာ ကျွန်တော်တို့ ကျောင်းသားသပိတ်ကြောင့်ဆိုပြီး သူတို့က အငြှိုးတကြီး ပုဒ်မတွေ ထပ်တပ်နေတာလို့ ထင်ပါတယ်။ နောက်အစိုးရလက်ထက် ကျရင်တော့ နိုင်ငံရေးအကျဉ်းသားတွေ မရှိနိုင်တော့ဘူးလို့ ထင်ပါတယ်”ဟု ကျောင်းသားများကို ထပ်မံအမှုဖွင့် တရားစွဲဆိုခြင်းများ နှင့်ပတ်သက်၍ ကိုရဲရင့်ပိုင်မှူးက ရုံးထုတ်စဉ် ပြောကြားသည်။ကိုရဲရင့်ပိုင်မှူးသည် ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ မန္တလေးဈေးချိုတော် ခုံးတံတားအနီးသို့  ခွင့်ပြုချက်မရှိဘဲ စုဝေး၍ လက်ပံတန်းမြို့၌ မတရားဖမ်းဆီးခံထားရသည့် ကျောင်းသားရဲဘော်များနှင့် ဝန်းရံမိဘပြည်သူများကို အမြန်ဆုံး ပြန်လွှတ်ပေးရေး ဟောပြောခဲ့သည်ဟုဆိုကာ ထပ်မံ တရားစွဲဆိုခံရခြင်း ဖြစ်သည်။ထို့ပြင် ရတနာပုံတက္ကသိုလ် အလယ်ပေါက်၊ အနောက်ပေါက် အုတ်နံရံများနှင့် အလယ်ပေါက်ရှေ့လမ်းမတို့တွင် အပြစ်မဲ့ ကျောင်းသားပြည်သူ လွတ်မြောက်ပါစေ၊ အကြမ်းဖက်စစ်အစိုးရ ကျရှုံးပါစေ၊ ကျောင်းသားများနိုင်သည်၊ ၄၃၆ ချက်ချင်းပြင် စသည့် စာသားများ အဖြူရောင်မှုတ်ဆေးဖြင့် ရေးသားမှုကြောင့် ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅(ခ)/၁၄၃/ ၁၄၇/၁၁၄နှင့် ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့်တရားစွဲဆို ခံထားရပြီး အမရပူရမြို့နယ် တရားရုံး မှ ထောင်ဒဏ်ခြောက်လ ချမှတ်ခံထားရကြောင်း သိရသည်။ 

Most Read

Most Recent