တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာ၌ တွေ့ဆုံဆွေးနွေးလျက်ရှိပါသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ် တွေ့ဆုံမှုတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ Facebook စာမျက်နှာတွင် ရေးသား ဖော်ပြခဲ့ပါသည်။
၎င်းတို့ နှစ်ဦးသည် ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) နေ့လည် ၁ နာရီ ၃၀ မိနစ်မှ ၂ နာရီ ၄၀ မိနစ် အချိန်အထိ နေပြည်တော်တိုင်း စစ်ဋ္ဌာနချုပ် ပေါင်းလောင်း ရိပ်သာ ခမ်းမဆောင်၌ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။















