ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မြေဧက ၅၅၀ ခန့်တွင် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် တည်ထောင်ရန် တင်ဒါခေါ်ထားပြီး အများပိုင်ကုမ္ပဏီကို ဦးစားပေး ရွေးချယ်မည်

ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မြေဧက ၅၅၀ ခန့်တွင် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် တည်ထောင်ရန် တင်ဒါခေါ်ထားပြီး အများပိုင်ကုမ္ပဏီကို ဦးစားပေး ရွေးချယ်မည်
Published 16 February 2016
စည်သူအောင်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မြေဧရိယာ ဧက ၅၅၀ ခန့်တွင် ပုဂ္ဂလိပိုင် အသေးစား စက်မှုဥယျာဉ် (Light Industrial Park)  တည်ထောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်တွင် တင်ဒါခေါ်ယူထားသည်။
စက်မှုဥယျာဉ် တည်ထောင်နိုင်ရန်အတွက် ဒဂုံမြို့သစ်အရှေ့ပိုင်း မလစ်ကျေးရွာအုပ်စု ထောင်တလုပ်ကျေးရွာ မစိုကွင်း ကွင်းအမှတ် (၄၈၂) နှင့် မလစ်ကျေးရွာ ကြာနီကန်ကွင်း ကွင်းအမှတ် (၁၁၁၀၇-က) နှင့် (၁၁၀၇-ခ) ရှိ မြေဧရိယာများ၏ တစ်စိတ်တစ်ဒေသတွင် ပါဝင်သည့် မြေများကို အသုံးပြုမည်ဟု ကြေညာထားသည်။
အဆိုပါ စီမံကိန်းကို ပါဝင်ဆောင်ရွက်လိုသော ကုမ္ပဏီ၊ အဖွဲ့အစည်းများ အနေဖြင့် ကျွမ်းကျင်မှု နည်းပညာဆိုင်ရာ အဆိုပြုလွှာနှင့် ငွေကြေးဆိုင်ရာ အဆိုပြုလွှာကို သီးခြားစာအိတ်များဖြင့် ထည့်သွင်းပြီး တင်ဒါတင်သွင်းနိုင်သည်။
ကျွမ်းကျင်မှု နည်းပညာဆိုင်ရာ အဆိုပြုလွှာတွင် လုပ်ငန်းဒီဇိုင်း တည်ဆောက်မှု ကြီးကြပ်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှု အစီအစဉ်၊ အဆင့်အလိုက် ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းလည်ပတ် လုပ်ကိုင်ခြင်း၊ လုပ်ငန်းထိန်းသိမ်းခြင်း၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ အချက်အလက်များ၊ အလားတူ လုပ်ငန်းအတွေ့အကြုံနှင့် စာချုပ်ချုပ်ဆို ခဲ့မှုများကို ဖော်ပြရန် သတ်မှတ်ထားသည်။
ငွေကြေးဆိုင်ရာ အဆိုပြုလွှာတွင် လုပ်ငန်းအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ၊ လုပ်ငန်းအဆင့်အလိုက် ကုန်ကျမည့်ရင်းနှီး မြှုပ်နှံမှုပမာဏ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကုမ္ပဏီ။ အဖွဲ့အစည်းတို့အကြား နှစ်ဦးနှစ်ဖက် အကျိုးခံစားခွင့်နှင့် စပ်လျဉ်းပြီး အဆိုပြု တင်ပြချက်တို့ကို ဖော်ပြရန်နှင့် တင်ဒါတင်သွင်းသူ၏ လွန်ခဲ့သော သုံးနှစ်အတွက် စာရင်းစစ်ဆေးပြီး ငွေကြေးအစီရင်ခံစာ လုပ်ငန်းအတွက် ငွေကြေးအရင်းအမြစ်တို့ ဖော်ပြပါရှိရမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး တင်ဒါခေါ်ယူ စိစစ်ရေးအဖွဲ့က အများပိုင် ကုမ္ပဏီကို ဦးစားပေး ရွေးချယ်မည်ဟု ထုတ်ပြန်ထားပြီး တင်ဒါတင်သွင်း လိုသူများသည် လာမည့် မတ်လ ၁၁ ရက် နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် မှတ်ပုံတင်ပြီး တင်ဒါပုံးတွင် အဆိုပြုလွှာများကို ချိတ်ပိတ်တင်သွင်း ရမည်ဖြစ်သည်။
တင်ဒါလျှောက်လွှာများကို ကျပ် ၅၀၀၀၀ ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပြီး တင်ဒါတင်သွင်းမှု အာမခံအဖြစ် ကျပ်သိန်းတစ်ထောင်ကို ကြိုတင်ပေးသွင်း ရမည်ဖြစ်ကာ တင်ဒါဖွင့် ဖောက်စစ်ဆေးမည့် နေ့ရက်ကို ဆက်သွယ် အကြောင်းကြားမည်ဟု ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်မှုဇုန် ၂၄ ဇုန်ရှိပြီး စက်မှုဇုန်မြေကွက် ၁၀၃၀၀ ကျော် ဖော်ထုတ်ထားသည်။ အဆိုပါ မြေကွက်များတွင် လုပ်ငန်းဆောင်ရွက် လည်ပတ်နေသည့် မြေကွက် ၃၆၉၃ ကွက်၊ လုပ်ငန်းထူထောင်ဆဲ- တည်ဆောက်ဆဲ မြေကွက် ၂၉၇၀ ကွက်၊ သိုလှောင်ရုံအဖြစ် ဆောင်ရွက်နေသည့် မြေကွက် ၁၂၉၉ ကွက်၊ စက်ရုံအလုပ်ရုံ တည်ဆောက်ခြင်း မရှိသေးသည့် မြေကွက် ၂၃၃၉ ကွက်ရှိကြောင်း ၂၀၁၅ ခုနှစ်အတွင်း ထုတ်ပြန်ချက်များအရ သိရသည်။
 

Most Read

Most Recent