အကောက်ခွန်ဦးစီးဌာန၏ အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံမှုအတွက် နေ့စဉ်ငွေလဲနှုန်းဖြင့် အသုံးပြုနေရာမှ အပတ်စဉ် ငွေလဲနှုန်းဖြင့် အသုံးပြုမှုအား ယခုနှစ် ဧပြီ ၁ ရက်မှ စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း အသိပေး

အကောက်ခွန်ဦးစီးဌာန၏ အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံမှုအတွက် နေ့စဉ်ငွေလဲနှုန်းဖြင့် အသုံးပြုနေရာမှ အပတ်စဉ် ငွေလဲနှုန်းဖြင့် အသုံးပြုမှုအား ယခုနှစ် ဧပြီ ၁ ရက်မှ စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း အသိပေး
Published 15 February 2016
ဖြိုးဝေ

အကောက်ခွန်ဦးစီးဌာန၏ အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံမှုအတွက် လက်ရှိအချိန်တွင်  နေ့စဉ်ငွေလဲနှုန်း (Daily Exchange Rate) ဖြင့် အသုံးပြုနေရာမှ အပတ်စဉ် ငွေလဲနှုန်း (Weekly Exchange Rate) ဖြင့် အသုံးပြုမှုအား ယခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက အသိပေးချက် ထုတ်ပြန်ထားသည်။အကောက်ခွန်ဦးစီးဌာနအနေဖြင့်  သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းများကို လက်ရှိတွင် Manual စနစ်ဖြင့် လုပ်ဆောင်နေပြီး အခွန်ကောက်ခံမှုအတွက် လိုအပ်သော ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က နေ့စဉ် သတ်မှတ်ပေးနေသည့် ငွေလဲနှုန်းဖြင့် တွက်ချက်ကောက်ခံနေပြီး ငွေလဲနှုန်းကြေညာမှု မရှိသည့် နေ့ရက်များအတွက် နောက်ဆုံးကြေညာသည့်ရက်၏ ငွေလဲနှုန်းဖြင့် အခွန်စည်းကြပ်ကောက်ခံနေကြောင်း သိရသည်။ထိုသို့  ကောက်ခံနေရာမှ ယခုနှစ်အတွင်း စတင် အကောင်အထည်ဖော်ဆောင်လာမည့် Myanmar Automatic Cargo Clearence စနစ်အား ပြောင်းလဲကျင့်သုံးရန် လုပ်ဆောင်လာသဖြင့်  နေ့စဉ်ငွေလဲနှုန်းအား အသုံးပြုရန် မဖြစ်နိုင်သည့်အခြေအနေသို့ ရောက်ရှိလာသဖြင့် အပတ်စဉ် ငွေလဲနှုန်းအား  အသုံးပြုကာ အခွန်ကောက်ခံမှုပြုလုပ်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။ထိုသို့ နေ့စဉ်ငွေလဲနှုန်းဖြင့် အခွန်စည်းကြပ်ကောက်ခံနေရာမှ အပတ်စဉ် ငွေလဲနှုန်းဖြင့် အခွန်စည်းကြပ်ကောက်ခံရန် စီစဉ်သည့်အပေါ် မြန်မာနိုင်ငံဗဟိုဘဏ်ကလည်း လက်ရှိ ပြောင်းလဲမည့် စနစ်သည် လွယ်ကူပြီး ပွင့်လင်းမြင်သာရှိသည့် စနစ်ဖြစ်ကြောင် း သဘောထား မှတ်ချက်ပြုပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။အဆိုပါ သတ်မှတ်မည့် အပတ်စဉ်ဈေးနှုန်းသည် စတင်ကောက်ခံမည့် ဧပြီ ၁ ရက် မတိုင်မီ မတ်လ နောက်ဆုံးအပတ်တွင် ဗဟိုဘဏ်က သတ်မှတ်ခဲ့သည့် နေ့စဉ်ပေါက်ဈေး ငါးရက်စာကို စုစည်း၍ ပျမ်းမျှတန်ဖိုး တွက်ချက်ကာ အဆိုပါတန်ဖိုးသည် သတ်မှတ်လိုသည့် အပတ်စဉ်အတွက် အပတ်စဉ် စည်းကြပ်ကောက်ခံမည့် ငွေလဲနှုန်းဖြစ်သည်။ ထိုသို့ အပတ်စဉ်ကောက်ခံမှုသည်  တနင်္ဂနွေနေ့ နံနက် ၁၂ နာရီ ၁ မိနစ်မှ စတင်၍ စနေနေ့ ည ၁၂ နာရီတွင် ကုန်ဆုံးမည်ဖြစ်ကာ အပတ်စဉ် ငွေလဲနှုန်း တွက်ချက်ထားမှုကို အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။လက်ရှိ ပြောင်းလဲကျင့်သုံးမည့် အပတ်စဉ် ငွေလဲနှုန်းဖြင့် အခွန်စည်းကြပ်ကောက်ခံမည့်စနစ်သည် သွင်းကုန်/ထုတ်ကုန် လုပ်ငန်းစဉ်များအတွက် ရိုးရှင်းလွယ်ကူခြင်း၊ ကြိုတင်သိမြင်နိုင်ခြင်း၊ ကျသင့်သော အခွန်အခများကို ကြိုတင်တွက်ချက်နိုင်ခြင်းများ ဖြစ်စေနိုင်သည့်အပြင် Myanmar Automatic Cargo Clearence စနစ်ကိုလည်း ပိုမိုမြန်ဆန်စေမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဂျပန်ပညာရှင်များကလည်း မှတ်ချက်ပြု ထောက်ခံထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။Myanmar Automatic Cargo Clearence စနစ်အတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၉ သန်း ထောက်ပံ့ခဲ့ပြီး  ၂၀၁၃ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံတွင် နေ့စဉ်ကုန်ပစ္စည်းတင် ကွန်တိန်နာ အလုံး ၂၀၀ ခန့်နှင့် လစဉ် ကုန်သေတ္တာပေါင်း ၃၀၀၀၀ ခန့် အဝင်အထွက်ရှိနေသည်။ ထိုသို့သော ပမာဏမှာ အချို့သောနိုင်ငံများတွင် တစ်ရက်စာခန့် အချိန်သာဖြစ်နေသော်လည်း မြန်မာနိုင်ငံတွင်မူ အကောက်ခွန်ကောက်ခံသည့် စနစ်များ ခေတ်မီမှုမရှိသဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။                                                   

Most Read

Most Recent