JICA မှ ချေးပေးမည့် ဒုတိယအသုတ် ချေးငွေအတွက် ရန်ကုန်၊ မန္တလေး၊ မိထ္ထီလာ နှင့် နေပြည်တော်မှ လုပ်ငန်းရှင်များကို ရွေးချယ်ထားကြောင်း အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ပထမအသုတ် ချေးငွေအဖြစ် ကျပ် ငါးဘီလျံကို လုပ်ငန်းရှင် ၁၁ ဦး အား ကျပ်သိန်း ၄၈၀၀၀ ကျော် ထုတ်ချေးခဲ့ပြီးဖြစ်ကာ ယခု ဒုတိယအသုတ် ချေးရန်အတွက်မူ အဆိုပါ ဒေသလေးခုမှ လုပ်ငန်းရှင် ၂၀ အား ချေးပေးရန် လျာထားကြောင်း သိရသည်။“ JICA က ချေးငွေအတွက်က ပထမအသုတ် ချေးတုန်းကလိုပဲ။ လုပ်ငန်းမှတ်ပုံတင် တင်ပြီးသား၊ သက်တမ်းတိုးပြီးသား ဖြစ်ရမယ်။ Business Plan ကောင်းကောင်း ပြနိုင်ရမယ်။ အခုက သူတို့ဘက်ကို ချေးပေးမယ့် လုပ်ငန်းရှင်တွေကို မေးလ်ပို့ပြီးမှ ပြန်ညှိနှိုင်းရမှာပေါ့။ လုပ်ငန်းရှင်တွေကိုကတော့ ရန်ကုန်ဘက်ကိုတော့ ဦးစားပေးထားတယ်။ စစ်ဆေးတဲ့အခါလည်း လွယ်အောင်ပါ။ စည်းကမ်းချက်တွေက ပထမအသုတ်ကအတိုင်းပဲ ချေးပေးမှာဖြစ်ပါတယ်”ဟု အသေးစားအလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ချေးငွေချေးယူရာတွင် အစိုးရမှ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်သို့ လေးရာခိုင်နှုန်း၊ ဘဏ်မှ လုပ်ငန်းရှင်များသို့ ဝန်ဆောင်ခများ အပါအဝင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပြန်လည်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။“ဒုတိယအသုတ်အတွက် ချေးယူဖို့က ပမာဏ ဘယ်လောက်ဆိုတာက မပြောသေးပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ချေးယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်ထားခြင်း ရှိရန် လိုအပ်ပြီး လုပ်ငန်းလိုင်စင် သက်တမ်းတိုးထားရန် လိုအပ်ကြောင်း သိရသည်။အသေးစား၊ အလတ်စားလုပ်ငန်းများအား ချေးငွေချေးရာတွင် စည်းကမ်းချက်များ သတ်မှတ်ထားကာ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုများကို လုပ်ဆောင်ရမည့်အပြင် Business Plan ကောင်းကောင်းပြနိုင်သည့် လုပ်ငန်းရှင်များကို ရွေးချယ်ချေးပေးကြောင်း သိရသည်။အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငွေကြေးအရင်းအနှီးရရှိမှု၊ နည်းပညာလိုအပ်မှုနှင့် ဈေးကွက်ရရှိရန်တို့မှာ အဓိက လိုအပ်ချက်ဖြစ်နေကြောင်းလည်း အသေးစား၊ အလတ်စား လုပ်ငန်းရှင်များထံမှ သိရသည်။
JICA မှ ချေးမည့် ဒုတိယအသုတ် ချေးငွေအတွက် ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနှင့် နေပြည်တော်မှ လုပ်ငန်းရှင်များ ရွေးချယ်ထား










