ကျွန်းသစ် ရှားပါးလာသလို ကျွန်းသစ် ကုန်ကြမ်းများကိုလည်း ၂၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ အခွန်ပေးဆောင်ရသည့်အတွက် အခြားသစ်ကုန်ကြမ်း ပရိဘောဂများ ဈေးကွက်အတွင်း စတင်ဝင်ရောက်

ကျွန်းသစ် ရှားပါးလာသလို ကျွန်းသစ် ကုန်ကြမ်းများကိုလည်း ၂၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ အခွန်ပေးဆောင်ရသည့်အတွက် အခြားသစ်ကုန်ကြမ်း ပရိဘောဂများ ဈေးကွက်အတွင်း စတင်ဝင်ရောက်
Published 14 February 2016
သင်းဖြိုး

ကျွမ်းသစ် ရှားပါးလာခြင်းနှင့် အတူ ကျွန်းသစ်ကုန်ကြမ်းများကို ၂၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ အခွန်များ ပေးဆောင်ရသည့်အတွက် လူသုံးနည်းသည့် အခြား သစ်ကုန်ကြမ်းများဖြင့် ပြုလုပ်ထားသော ပရိဘောဂပစ္စည်းများ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ဆိုသည်။“အခု ကျွန်းသစ်တွေက ရှားလာပြီဆိုတော့ ကျွန်းသစ်အပြင် လူသုံးနည်းတဲ့ သစ်တွေပေါ့။ ဥပန်၊ တောင်ပိန်း၊ သရက်တို့၊ စကားဝါ၊ စကားတို့ သစ်အမျိုးများစွာ ရှိတယ်။ အဲဒါတွေကို စပြီး မိတ်ဆက်လာကြတယ်။ ခုနောက်ပိုင်းဆိုရင် သက်သာတဲ့ ကြိတ်သားတွေကို သုံးလာကြတယ်။ ဒီသစ်တွေက ကြိတ်သားထက် အများကြီး သာတယ်။ ကျွန်းလောက် မလှတာက လွဲရင် ဈေးသက်သာတယ်။ ကြိတ်သားထက် ပိုပြီး ခိုင်ခံ့မှုလည်း ရှိတဲ့အတွက် စိတ်ဝင်တစား ဝယ်ယူကြပါတယ်” ဟု ဦးကျော်သူက ပြောကြားသည်။လက်ရှိတွင် သစ်ကုန်ကြမ်းများကို ပရိဘောဂထည်အဖြစ် ထုတ်လုပ်မှု အားနည်းနေပြီး ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့ တင်ပို့နေခြင်းကြောင့် ပရိဘောဂဆိုင်ရာ နည်းပညာပိုင်း၊ ကျွမ်းကျင်လုပ်သားပိုင်း၊ ငွေကြေးပိုင်းနှင့် ကုန်ကြမ်းပိုင်း ဆိုင်ရာတို့တွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ယခုအခါ မြန်မာနိုင်ငံမှ ပရိဘောဂ လုပ်သားများ အနေဖြင့် မလေးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့ရှိ ပရိဘောဂ စက်ရုံများတွင် သွားရောက်လုပ်ကိုင်နေကြသည့်အတွက် ကျွမ်းကျင်လုပ်သား ရှားပါးလာသည့်အပြင် ယင်းနိုင်ငံတို့မှ ပြန်လည်တင်သွင်းသည့် ပရိဘောဂထည်များကို တန်ဖိုးမြင့်စွာ ပြန်လည် ဝယ်ယူရခြင်းကြောင့် ငွေကြေး ဆုံးရှုံးများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။“ပရိဘောဂ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကုမ္ပဏီတွေလို ငွေတွေတော့ ချေးမပေးနိုင်ဘူး။ ဒါပေမဲ့ ပရိဘောဂ ထုတ်လုပ်တဲ့ နည်းပညာတွေ ပေးမယ်။ ပြီးရင် ပရိဘောဂ ပြပွဲတွေကို ပြုလုပ်ပေးသွားမယ်။ ပရိဘောဂ ဈေးကွက် တိုးတက်ဖို့က အစိုးရပိုင်း ဆိုင်ရာကလည်း အခွန်ကောက်ခံတဲ့ နေရာမှာ ကုန်ကြမ်းထက် ကုန်ချောအဆင့်ရောက်မှ ကောက်ခံသင့်ပါတယ်။ ပြီးရင် ပရိဘောဂ ထုတ်လုပ်တဲ့ ဈေးကွက်နဲ့ သက်ဆိုင်တဲ့ မူဝါဒ တစ်ရပ်လည်း ချမှတ်သင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ထို့ပြင် ပရိဘောဂ ထုတ်လုပ်ရန် သစ်ကုန်ကြမ်းအတွက်လည်း မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များ အသင်းနှင့် သစ်လုပ်ငန်းရှင်များအသင်း ပူးပေါင်း၍ သက်တမ်းလေးနှစ်မှ ခြောက်နှစ်အထိ ကြီးထွားနိုင်မည့် သစ်များကို စိုက်ခင်းများ ထူထောင်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ပရိဘောဂဈေးကွက် မြှင့်တင်ရန် ရည်ရွယ်၍ ယခုနှစ်အတွင်း စင်ကာပူနိုင်ငံမှ ပရိဘောဂကောင်စီနှင့် ပူးပေါင်း၍ ပြပွဲ ပြုလုပ်သွားရန်လည်း သဘောတူလက်မှတ် ရေးထိုးထားကြောင်း သိရသည်။

Most Read

Most Recent