ဒေါ်လာဈေး ကျဆင်းခြင်း၊ ယွမ်ငွေဈေး ကျဆင်းခြင်းတို့ကြောင့် မြန်မာ့ဆန်ဈေး ကျစရာအခြေအနေ ရှိသော်လည်း လှောင်လက်များခြင်း၊ နွေစပါးစိုက်ပျိုးမှု လျော့ကျခြင်းတို့ကြောင့် ဆန်ဈေးမကျနိုင်ဘဲရှိနေဟု သိရ

ဒေါ်လာဈေး ကျဆင်းခြင်း၊ ယွမ်ငွေဈေး ကျဆင်းခြင်းတို့ကြောင့် မြန်မာ့ဆန်ဈေး ကျစရာအခြေအနေ ရှိသော်လည်း လှောင်လက်များခြင်း၊ နွေစပါးစိုက်ပျိုးမှု လျော့ကျခြင်းတို့ကြောင့် ဆန်ဈေးမကျနိုင်ဘဲရှိနေဟု သိရ
Published 13 February 2016
နီလာ

ဒေါ်လာဈေး ကျဆင်းခြင်း၊ တရုတ်ယွမ်ငွေ ဈေးကျဆင်းခြင်း၊ တရုတ်နှစ်သစ်ကူး ကာလတို့ကြောင့် မြန်မာ့ဆန်ဈေးကျစရာ အခြေအနေ ဖြစ်ပေါ်နေသော်လည်း လှောင်လက်များခြင်း၊ နွေစပါးစိုက်ပျိုးမှု လျော့ကျခြင်း စသည်တို့ကြောင့် ဈေးကွက်အတွင်း ဆန်ဈေး မကျဆင်းနိုင်ဘဲ ရှိနေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။“ဒေါ်လာဈေးကျတယ်၊ တရုတ်ယွမ်ငွေ ဈေးလည်းကျတယ်။ တရုတ်နှစ်သစ်ကူး စသဖြင့်ပေါ့။ ဆန်ဈေးကျစရာ အခြေအနေများစွာ ဖြစ်နေပေမယ့် နွေစပါးစိုက်တာ လျော့ကျတယ်၊ လှောင်လက်များတယ်။ MEC အရန်ဆန်၊ တပ်မတော်ရိက္ခာ၊ အကျဉ်းဦးစီးရိက္ခာ၊ WFP နဲ့သဘာဝဘေးအန္တရာယ်တွေကြောင့် ဆန်ဈေးမကျဆင်းနိုင်ဘဲ ရှိနေပါတယ်။ အထူးသဖြင့် ပြည်တွင်းစားသုံးဆန်ဖြစ်တဲ့ မနောသုခနဲ့ အသွယ်စတွေဈေး မြင့်နိုင်ပါတယ်” ဟု မန္တလေးမြို့မှ ဆန်ကုန်သည် ကိုစိုင်းကျော်က ပြောကြားသည်။မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းဆန် ဈေးနှုန်းမှာ နိုင်ငံတကာ ဆန်ဈေးများထက် မြင့်မားနေပြီး ဈေးအကြီးဆုံးဆန်ကို မြန်မာတို့ စားသုံးနေရသကဲ့သို့ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံ၏ လက္ကားဆန်ဈေးနှုန်း ဈေးကွက်အပေါ် လေ့လာပါက ယခင် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ပြည်တွင်းဈေး ပြောင်းလဲမှုမှာ ပေါ်ဆန်းအုပ်စုမှ ပေါက်ဈေး ၄ ဒသမ၂ ရာခိုင်နှုန်း မြင့်တက်ပြီး ပေါ်ကျွဲအုပ်စုမှာ ယခင်နှစ်ပေါက်ဈေးများအတိုင်း ပြောင်းလဲမှု မရှိကြောင်း၊ ဧည့်မထအုပ်စုမှာ ၃၈ ရာခိုင်နှုန်းနှင့် ငစိန်အုပ်စုမှာ ၃၉ ရာခိုင်နှုန်း မြင့်တက်နေကြောင်း ဖေဖော်ဝါရီ ၅ ရက်က ကျင်းပခဲ့သည့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ မြန်မာ့ဆန်စပါးသမိုင်းနှင့် ဆန်စပါးဈေးကွက်၏ စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည့် စာတမ်းတွင် ဖော်ပြထားသည်။ထို့ပြင် ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ကြမ်းများ ဈေးမြင့်တက်နေပြီး ဈေးကွက်တွင် အဝင်နည်းကာ ကုန်ရှားပါးမှုရှိနေကြောင်း သိရသည်။ ပြည်တွင်း ဆန်စပါးဈေး မြင့်တက်လာ၍လည်းကောင်း၊  ပြည်ပပို့ကုန် ဆန်ကြမ်းဧည့်မထ ဈေးကွက်တွင် ရှားပါးလာ၍ လည်းကောင်း ပြည်ပသို့ ဆန်တင်ပို့နိုင်မှု စွမ်းအားကျဆင်းလာနေကြောင်း သိရသည်။ပြည်တွင်းဆန်ဈေးများ အနေဖြင့် ရန်ကုန်ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ဇီယာ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၈၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ်၂၀၈၀၀ နှင့် ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၆၀၀၊ ဇန်နဝါရီ ၃၀ ရက်က ဇီယာ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ဧည့်မထ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ နှင့် ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၉၇၀၀ လည်းကောင်း ပေါက်ဈေးများရှိခဲ့သည်။

Most Read

Most Recent