မြန်မာ့ကမ်းလွန် ရေနက်ပိုင်း လုပ်ကွက်အမှတ် ဗီ-၇ တွင် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ် ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့က ဖေဖော်ဝါရီ ၁၁ ရက်တွင် သတင်းများ ထုတ်ပြန်ခဲ့ရာ အဆိုပါ လုပ်ကွက်သစ်တွင် တစ်နှစ်အတွင်း သဘာဝဓာတ်ငွေ့ အထွက်နှုန်း ကုဗပေမှာ အနိမ့်ဆုံး ခုနစ်ထရီလျံကျော် ရှိနိုင်မည်ဖြစ်ကြောင်း Woodside Energy မှပညာရှင်များက ခန့်မှန်းပြောကြားသည်။အသစ်တွေ့ရှိထားသော သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ် အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း သဘာဝဓာတ်ငွေ့ အထွက်နှုန်း ကုဗပေမှာ အနိမ့်ဆုံး ခုနစ်ထရီလျံကျော် ရှိနိုင်ကြောင်း Woodside Energy မှ အကြီးတန်း သုတေသန အင်ဂျင်နီယာများ၏ ပြောကြားချက်ဖြင့် ယင်းကုမ္ပဏီက ဖေဖော်ဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ယင်းသဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်ကို ဘင်္ဂလားပင်လယ်အော်အတွင်း မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေမှ ၁၁၀ ကီလိုမီတာတွင်ရှိသော ရေပြင်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရေပြင်အနက် ၃၀၃၄ တွင်တွေ့ရှိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အဆိုပါ သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်ကို Woodside Energy မှရေနက်ပိုင်း ရှာဖွေရေးလုပ်ငန်းစဉ်များနှင့်ဆိုင်သော ရာခိုင်နှုန်း ၄၀၊ Daewoo International မှအခြားကမ်းလွန်ပိုင်း ရှာဖွေရေးလုပ်ငန်းများ ရာခိုင်နှုန်း ၆၀ ဖြင့် ဖက်စပ်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း Woodside ၏ CEO Peter Col-eman ကပြောကြားသည်။မြန်မာနိုင်ငံတွင် ရတနာနှင့် ရဲတံခွန်လုပ်ကွက်များမှ ၂၀၁၂ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၀ ထရီလျံ ထွက်ရှိခဲ့ပြီး ၂၀၁၄ တွင် PTTEP ၏လုပ်ကွက်များနှင့် အခြားလုပ်ကွက်များမှ ကုဗပေ ၁၂ ထရီလျံခန့်ရှိကြောင်း ယင်းကုမ္ပဏီများက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။၂၀၁၅ ခုနှစ်အတွင်း သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့ ရောင်းချငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလျံကျော်ရှိကြောင်း၊ အာရှပစိဖိတ် ဒေသတွင် မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့တွင် အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ဒုတိယအများဆုံး ထွက်ရှိသောနိုင်ငံအဖြစ် ရပ်တည်နေကြောင်း ကမ္ဘာစွမ်းအင်ကောင်စီ (World Energy Council) က ၂၀၁၅ ခုနှစ်တွင် အဆင့်သတ်မှတ် ဖော်ပြခဲ့သည်။
မြန်မာ့ကမ်းလွန်ပြင်တွင် တွေ့ရှိထားသော သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်တွင် တစ်နှစ်အတွင်း အထွက်နှုန်း ကုဗပေ အနိမ့်ဆုံး ခုနစ်ထရီလျံကျော်ရှိနိုင်ဟု ပညာရှင်များခန့်မှန်း










