သပိတ်

သပိတ်
Published 12 February 2016
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)‘သပိတ်နှင့် သင်္ကန်း’ က ရှင်ရဟန်းတို့၏ အထင်ရှားဆုံးသော အမှတ်အသား တစ်ခုဖြစ်သည့် နည်းတူ၊ ဘာသာရေး နယ်ပယ်၌ အသုံးအစွဲများသည့် စကားတစ်ခွန်းလည်း ဖြစ်သည်။ ‘သပိတ်’ ဟူသည် အရောင်အားဖြင့် မည်းနက်၏။ ပုံဟန်အားဖြင့် လုံးဝန်း၏။ သို့သော်၊ အကြီးအသေး ပမာဏအားဖြင့် ကားများစွာ ရှိပါသည်။‘သပိတ်’ ဆိုသည့် အသံကို ကြားလိုက်ရချိန်၌ ကိုရင်ဝတ်ခဲ့စဉ်က အများနည်းတူ ဆွမ်းခံထွက်ခဲ့ရဖူးသော ငယ်ဘဝကို သတိရမိသူတို့ ရှိနိုင်သည့်နည်းတူ၊ ဒုလ္လဘ ရဟန်းဝတ်ခဲ့စဉ်က သပိတ်ကိုပိုက်ပွေ့ပြီး သိမ်လှေကားအတိုင်း ဆင်းလာခဲ့သည့် ကိုယ့်ပုံရိပ်ကို ပြန်လည် မြင်ယောင်မိသူတို့လည်း ရှိနိုင်သည်။ ထိုမျှသာမက အုပ်ချုပ်သူ အစိုးရမင်းတို့၏ ကြေညာချက်တစ်ရပ်၊ သို့မဟုတ်၊ လုပ်ဆောင်ချက် တစ်ခုခုကို မကျေနပ်၍ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြခဲ့ဖူးသည့် တက္ကသိုလ်ကျောင်းသား ဘဝကို ပြန်လည်မြင်ယောင်မိသူတို့လည်း ရှိနိုင်ပါသေးသည်။(၂)မိမိတို့ ငယ်စဉ်ကတော့ ‘မြေသပိတ်နှင့်၊ သံသပိတ်’ ဆိုပြီး သပိတ်က နှစ်မျိုးရှိခဲ့သည်။ ခုတော့ မြေသပိတ်က ကွယ်သလောက် ဖြစ်နေပြီ။ မြေသပိတ်၏ နေရာ၌ အစားထိုး ဝင်ရောက်လာသော သပိတ်က စတီးလ်သပိတ် ဖြစ်သည်။  ငယ်စဉ်က နေထိုင်ခဲ့ရာ စစ်ကိုင်းချောင်၌ နွေရာသီ ကျောင်းပိတ်ရက်ဆိုလျှင် ဒုလ္လဘ ရဟန်းခံပွဲတို့က ပြတ်လှသည် မရှိ။ ဒုလ္လဘ ကိုရင်ငယ်များအတွက် အလှူရှင်တို့ ဝယ်လာသော သပိတ်က မြေသပိတ်ကလေးများဖြစ်သည်။ သည်တော့ ထို ကိုရင်ငယ်များ လူထွက်သွားချိန်၌ မြေသပိတ်တွေ အများကြီး ကျန်ရစ်ခဲ့သည်။မိမိတို့ချောင်၌ ဓမ္မာရုံကြီးကိုပတ်ပြီး ဆွမ်းခံသော အလေ့အထ ရှိသည်။ အချို့သော ဒုလ္လဘ ကိုရင်လေးများက သပိတ်ကို ဘယ်လို ကိုင်ရမည် မသိကြ။ အချို့က ရေချိုးဖလား ကိုင်သလို သပိတ်နှုတ်ခမ်းကို ဆွဲလာသည်။ ထိုအခါ ထိုသို့ မကိုင်ရကြောင်း ပြောပြရသည်။ အချို့က လက်ဖြင့် အသာလေးပွေ့သည်။ အချို့က လက်မောင်းနှစ်ဖက်ကြား၌ သပိတ်ကို ရွရွလေး တင်သည်။ ထိုအခါ သပိတ်က လက်မောင်းနှစ်ဖက်ကြားမှ လျှောကျသည်။ ဒုလ္လဘ ကိုရင်တွေ များသော ကာလမျိုး၌ ဆွမ်းခံတန်း နောက်ပိုင်း တစ်နေရာမှ ‘ခွပ်’ ခနဲ၊ ‘ခွပ်’ ခနဲ ကျကွဲသံများကို မကြာမကြာ ကြားရတတ်သည်။ သို့သော် ကိစ္စမရှိ၊ လိုဏ်ဂူထဲ သိမ်းထားသော မြေသပိတ်တစ်လုံးကို အဆင်သင့် ထုတ်ပေးလိုက်ရုံသာ။မန္တလေးရောက်တော့ သီတင်းကျွတ်ပြီ ဆိုသည်နှင့် ဟိုရပ်ကွက်၊ သည်ရပ်ကွက်၌ ကျင်းပသည့် ဘုရားပွဲ, ဆွမ်းကြီးလောင်းပွဲများကို ကြုံရသည်။ နန်းရှေ့၌ နေခဲ့စဉ်က ကျောက်တော်ကြီးဘုရား ဆွမ်းကြီးလောင်းပွဲတော်ကို လိုက်ခဲ့ရဖူး၏။ ဘုရားဆွမ်းကြီးလောင်းပွဲ အတော်များများက မိမိသပိတ်ဖြင့် ဆွမ်းကြီးခံ ကြွရခြင်းဖြစ်သည်။ ကျောက်တော်ကြီးပွဲကတော့ ကျောင်းမှ သပိတ်ယူသွားဖို့ မလို။ သပိတ်နှင့် တကွသော ဆွမ်း,ဆွမ်းဟင်းများကို လောင်းလှူလိုက်ခြင်းဖြစ်သည်။ ဘုရားပွဲတိုင်း၌ မဲဖောက်၍ လှူဒါန်းသော အစဉ်အလာလည်း ရှိသည်။ကျောက်တော်ကြီးပွဲက ပင့်သံဃာ အရေအတွက်ကလည်း များလှသည်။ ထိုကာလက အနည်းဆုံးသော ပေါက်မဲက ၂၅ ကျပ်ဖြစ်သည်။ အများဆုံးကိုတော့ မမှတ်မိ။ ထောင်ဂဏန်းဖြစ်ဟန် တူသည်။ မိမိတို့ အဖွဲ့ထဲမှ ဦးပဉ္စင်း တစ်ပါး၏ စကားတစ်ခွန်းကတော့ဖြင့် အတော်လေး မှတ်လောက်သားလောက် ရှိသည်။ “အရှင်ဘုရားကော ဘယ်လောက် ပေါက်သလဲ” မေးမိတော့ “မေးပါနဲ့ ကိုယ်တော်၊ မြေသပိတ်နဲ့ ငွေအစိတ်ပါ” တဲ့။ ဘာပဲပြောပြော အချိတ်အဆက်မိမိဖြင့် လှပစွာသော စကားလုံး အတွဲအဖက် တစ်ခုတော့ လွမ်းစရာအဖြစ် အဖတ်တင် ကျန်ရစ်သည်။(၃)ဘုရားသာသနာတော်၌ ရဟန်းအဖြစ်ကို ခံယူလိုသူ တစ်စုံတစ်ယောက်အား သိမ်တွင်း၌ ကြိုတင်၍ ပြောကြားဆုံးမသော စကားအစဉ်ရှိ၏။ ထိုကိစ္စကို ‘ရဟန်းလောင်း ဆုံးမသည်’ ဟု ခေါ်သည်။ ကြိုတင်ပြောကြားထားသည့် စကားအစုတွင် ‘သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးထည် ပြည့်စုံပါပြီလော’ ဟူသော အမေးစကား တစ်ရပ်လည်း ပါသည်။ ဘုရားမြတ်စွာ လက်ထက်တော်ကာလက သပိတ်နှင့် သင်္ကန်းသည် ယခုကာလလောက် အလွယ်တကူ ရနိုင်သည့် ပစ္စည်းများလည်း မဟုတ်ခဲ့ပါ။ သို့ရကား သပိတ်သင်္ကန်း ဝယ်ယူလောက်အောင် ပြည့်စုံမှု မရှိသူ၊ သို့မဟုတ်၊ ရှာဖွေဖို့ အခက်အခဲရှိသူ အချို့က (ရဟန်းပြုလိုဇောဖြင့်) ရဟန်းတစ်ပါးထံမှ သပိတ်နှင့် သင်္ကန်းကို ခေတ္တငှားရမ်းကာ သိမ်ဝင်ပြီး ရဟန်းဘောင်သို့ တက်ရောက်ခဲ့ခြင်းမျိုးလည်း ရှိခဲ့သည်။ထိုရဟန်းသိမ်ဆင်းချိန်၌ သင်္ကန်းပိုင်ရှင်က သင်္ကန်းကို ပြန်တောင်းသွားသည်။ သပိတ်ပိုင်ရှင်ကလည်း သပိတ်ကို ပြန်တောင်းသွားသည်။ နောက်နေ့မနက် ဆွမ်းခံထွက်ချိန် ရောက်သော် ထိုရဟန်းသစ်၌ ဝတ်စရာ သင်္ကန်းနှင့် ဆွမ်းခံစရာ သပိတ်က မရှိတော့။ သင်္ကန်းမရှိလေသည်မို့ သစ်ရွက်တို့ကို အရှက်လုံကာမျှ ဖုံးလွှမ်း၍ အများနည်းတူ ဆွမ်းခံထွက်လေသည်။ သပိတ်မရှိလေသည်မို့ လက်နှစ်ဖက်ကိုဖြန့်ကာ ‘ဤ၌သာ လောင်းလှူပါတော့’ လုပ်ရတော့သည်။ ထိုအဖြစ်ကိုမြင်သော် ဒကာ,ဒကာမတို့က ကဲ့ရဲ့ကုန်၏။ ထိုစကား ဘုရားနားတော် ရောက်ပြီးသည့်နောက် ‘သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးထည်မျှ ကိုယ်ပိုင် မရှိသူများအား ရဟန်းခံ မပေးရ’ ဟု ဥပဒေ ထုတ်ပြန်တော် မူခဲ့ခြင်းဖြစ်သည်။ဘဝ၌၊ လိုလျှင် လိုသလို အသုံးပြုနိုင်ဖို့ မိမိ အနီးအပါး၌ ပစ္စည်းပစ္စယ အနည်းငယ်ကို မဖြစ်မနေ ဆောင်ထားရမြဲဖြစ်၏။ ထိုပစ္စည်း အစုကို ‘ပရိက္ခရာ’ ဟု ခေါ်သည်။ ရဟန်းတစ်ပါး အနေဖြင့် မဖြစ်မနေ ဆောင်ထားရမည့် အသုံးအဆောင်ပစ္စည်းတို့က “သပိတ်၊ တိစီဝရိက်ခေါ်သည့် သင်္ကန်းသုံးထည်၊ ခါးပန်းကြိုး၊ ပဲခွပ်ငယ် (ဒန်ပူသပ်ရန်)၊ အပ်နှင့် အပ်ချည်၊ ရေစစ်” တို့ဖြစ်သည်။ ထိုရှစ်မျိုးကိုပင် ‘ပရိက္ခရာရှစ်ပါး’ ဟု ခေါ်ခြင်းဖြစ်သည်။ “မြတ်စွာဘုရားအား ဃဋိကာရဗြဟ္မာကြီးလှူ သော သပိတ်သည် မြေသပိတ်လေလော၊ သံသပိတ်လေလော” ဟူသော အမေးကို မုံရွေး ဇေတဝန်ဆရာတော်က ‘မြေသပိတ်’ ဟု ဖြေဆိုထားကြောင်း မှတ်သားရဖူးသည်။(၄)‘သပိတ်’ ဆိုသည့် စကားလုံးကို ဂီတ,ကဗျာတို့၌လည်း တွေ့ရတတ်သည်။ မြန်မာ့ဓလေ့ကို ဖွဲ့ဆိုထားသည့် သီချင်းတစ်ပုဒ်၌ “သပိတ်နဲ့ ကိုအဝှာ” ဟု ဆိုထားသည်။ ထိုစကားလုံးက တောဓလေ့ကို ထင်ဟပ်စေရုံမျှမက ချစ်စရာလည်း ကောင်းသည်။နိုင်ငံရေး နယ်ပယ်၌ တွင်ကျယ်နေသည့် ‘သပိတ်မှောက်သည်၊ သပိတ်လှန်သည်’ စသော ဝေါဟာရများလည်း ရှိသေးသည်။ ပါဠိစာပေ၌ လာသော ‘ပတ္တနိက္ကုဇ္ဇန’ ဟူသော စကားလုံးကို မှီးငြမ်းခဲ့ဟန်တူသည်။ ထိုပါဠိက ‘သပိတ်မှောက်ခြင်း’ ဟု အနက်ထွက်သည်။ ‘ပေါင်းသင်းဆက်ဆံမှု မပြုဘဲနေခြင်း’ ဟု အဓိပ္ပာယ်ရပါသည်။ အပေါင်းအသင်း,အဆက်အဆံ မပြုကြောင်း၊ (ဝါ) သပိတ်မှောက် ကံပြုကြောင်း ကြေညာချက် ထုတ်ပြန်သော ကမ္မဝါစာကို ‘ပတ္တနိက္ကုဇ္ဇနကမ္မဝါစာ’ ဟု ခေါ်သည်။“ရဟန်းတို့၊ အင်္ဂါရှစ်ချက်နှင့် ပြည့်စုံသော ဒကာ,ဒကာမတို့အား (သံဃာက ဆန္ဒရှိလျှင်) သပိတ်မှောက် ကမ္မဝါစာဖြင့် သပိတ်မှောက်ခြင်းကို ငါဘုရား ခွင့်ပြုတော်မူ၏” ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိန့် တစ်ရပ်ရှိသည်။ ‘သပိတ်မှောက်၏’ ဟူသည် သပိတ်၏ မျက်နှာဝကို အောက်သို့လှည့်ပြီး မှောက်ထားခြင်းကို မဆိုလို။ အင်္ဂါ ရှစ်ချက်တွင် တစ်ချက်ချက်နှင့် ပြည့်စုံသူ ဥပါသကာက ပေးလှူအပ်သော ပစ္စည်းဝတ္ထုကို အလှူမခံကြရန် ပတ္တနိ က္ကုဇ္ဇနကမ္မဝါစာ ရွတ်ဖတ်၍ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချလိုက်ခြင်းမျိုးကို ဆိုလိုရင်းဖြစ်သည်။
ထိုအင်္ဂါ ရှစ်ချက်တို့သည်ကား -(၁)    ရဟန်းတို့အား လာဘ်မရအောင် အားထုတ်ခြင်း။(၂)    ရဟန်းတို့အား အကျိုးစီးပွား ပျက်ပြားအောင် အားထုတ်ခြင်း။(၃)    ရဟန်းတို့အား နေမြဲကျောင်း၌ မနေနိုင်အောင် အားထုတ်ခြင်း။(၄)    ရဟန်းတို့အား ဆဲဆို,ကြိမ်းမောင်း,ခြိမ်းခြောက်ခြင်း။(၅)    ရဟန်းတို့အား ကွဲပြားအောင် ပြုလုပ်ခြင်း။(၆)    ဘုရားအား ကဲ့ရဲ့ ပြစ်တင်ခြင်း။(၇)    တရားအား ကဲ့ရဲ့ ပြစ်တင်ခြင်း။(၈)    သံဃာအား ကဲ့ရဲ့ ပြစ်တင်ခြင်း။

တို့ဖြစ်သည်။ ထိုအမူအကျင့်တို့ကို ဥပါသကာက စွန့်လွှတ်ချိန်၌ သပိတ်မှောက်ခြင်း အစီအစဉ်ကို ရပ်၍ သပိတ်လှန်သင့်ကြောင်းလည်း တစ်ဆက်တည်း မိန့်တော်မူခဲ့သည်။ သပိတ်လှန်ရာ၌လည်း ကမ္မဝါစာဖြင့်ပင် လှန်ရမည် ဖြစ်သည်။(၅)ဝိနည်းအဖွင့်ကျမ်းတို့၌ ‘သပိတ် ကိုးလုံး’ ရှိကြောင်း ပြဆိုသည်။ အကြီးဆုံး သပိတ် (ဥက္ကဋ္ဌ)၊ အလတ်စားသပိတ် (မဇ္ဈိမ)၊ အငယ်စားသပိတ် (သြမက) ဟု အရင်းမူလအားဖြင့် သုံးမျိုးရှိသည်။ တစ်မျိုးတစ်မျိုး၌လည်း အကြီးစား,အလတ်စား, အငယ်စားဟု သုံးမျိုးစီ ကွဲပြားလေရကား ‘သပိတ် ကိုးလုံး’ ဟု ဖြစ်သွားရခြင်းဖြစ်သည်။ ကိုးလုံးဆိုသော်လည်း ကြီးလွန်းသော သပိတ်နှင့် ငယ်လွန်းသော သပိတ်တို့ကို အသုံးပြုခြင်းငှာ မအပ်ဟု ဆိုထားသည်။ထိုတွင် ထမင်းနှင့် ဟင်းလျာအစုံ သုံးစလယ်ခန့် ဝင်ဆန့်သည့် သပိတ်ကို ‘အငယ်စားသပိတ်’ ဟု သတ်မှတ်သည်။ ထို့ထက် ပမာဏငယ်သော သပိတ်ကိုကား သပိတ်အရာ မသွင်း။ ထမင်းနှင့် ဟင်းလျာအစုံ သုံးပြည်ခန့် ဝင်ဆန့်သည့် သပိတ်ကို ‘အကြီးဆုံးသပိတ်’ ဟု သတ်မှတ်သည်။ ထို့ထက်ကြီးသော သပိတ်ကိုလည်း သပိတ်အရာ မသွင်း။မိမိတစ်သက်၌ မြင်ခဲ့ဖူးလေသမျှ သပိတ်တို့တွင် ဘုရားစင်ရှေ့၌ တွေ့ရလေ့ရှိသည့် လက်သီးဆုပ်သာသာ ပမာဏရှိသော ဆွမ်းတော်ကပ်သည့် မြသပိတ်လေးက အသေးဆုံး ဖြစ်ပြီး၊ ပုဂံမနူဟာဘုရား အဝင်ဝ၌ တွေ့ခဲ့ရသည့် အုတ်,အင်္ဂတေတို့ဖြင့် ပြုလုပ်ထားသော သပိတ်ကြီးက အကြီးဆုံး ဖြစ်ပါသည်။---ကျမ်းကိုး■ အင်္ဂုတ္တိုရ် ပတ္တနိက္ကုဇ္ဇနသုတ်။■ ပါတိမောက်ဘာသာဋီကာ။

Most Read

Most Recent