စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှု လိုင်စင်အတွက် ၁၀ ခု ရွေးထားသည့်အနက် လိုင်စင်လေးခု ထုတ်ပေးထားပြီး လုပ်ဆောင်မှုအပေါ် မူတည်ကာ လိုင်စင်ထပ်ပေးမည်

စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှု လိုင်စင်အတွက် ၁၀ ခု ရွေးထားသည့်အနက် လိုင်စင်လေးခု ထုတ်ပေးထားပြီး လုပ်ဆောင်မှုအပေါ် မူတည်ကာ လိုင်စင်ထပ်ပေးမည်
Published 10 February 2016
အေးမြတ်မွန်

စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှု လိုင်စင်အတွက် ကုမ္ပဏီ ၁၀ ခုကို ရွေးချယ်ထားသည့် အနက်မှ လိုင်စင် လေးခုကို ထုတ်ပေးပြီးဖြစ်ကာ ကျန်ကုမ္ပဏီများ၏ လုပ်ဆောင်ရည်ပေါ် မူတည်ကာ လိုင်စင်ထပ်မံ ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးလုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ထံမှ သိရသည်။လက်ရှိတွင် စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးမည့် လိုင်စင်အတွက် ကုမ္ပဏီ လေးခုအား လုပ်ငန်းလိုင်စင် ထုတ်ပေးထားပြီး ကုမ္ပဏီသုံးခုမှ လုပ်ငန်းစတင် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။“Securities လိုင်စင်အတွက်က ကုမ္ပဏီ ၁၀ ခုကို ရွေးထားတဲ့ အနက်မှာ ကုမ္ပဏီ လေးခုကို လိုင်စင်ထုတ်ပေး ပြီးသွားပြီ။ အဲဒီထဲမှာမှ ကုမ္ပဏီသုံးခုက လုပ်ငန်းစတင် လုပ်ကိုင်နေတယ်။ ကျန်တဲ့ ကုမ္ပဏီတွေ လုပ်ငန်းလိုင်စင် ချမချက သူတို့ လုပ်ဆောင်ရည်အပေါ် မူတည်ပါတယ်။ သူတို့တွေဘက်က အဆင်သင့် ဖြစ်ရင်တော့ ချထားပေးမှာပေါ့” ဟု မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးလုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။စတော့အိတ်ချိန်း ဝန်ဆောင်မှုလိုင်စင် Underwriter လိုင်စင်အတွက် AYA ဘဏ်မှ AYA Trust Securities၊ Co-operative Bank မှ CB Bank Securities၊ Daiwa နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်းထားသည့် Myanmar Secutities Exchange Center၊ Asia World မှ Global World Securities၊ VeVe အချိုရည် ထုတ်လုပ်သည့် Green Cirle ကုမ္ပဏီနှင့် ဟောင်ကောင်အခြေစိုက် Pins-Capital တို့ ပူးပေါင်းထားသည့် Expert Investment Securities၊ အင်းဝဘဏ်နှင့် ချိတ်ဆက်ထားသည့် Aung Myint Mo Min Securities၊ KBZ Group နှင့် Singapore Sterling Coleman တို့ ပူးပေါင်းထားသည့် ုKBZ stirling Coleman Securities၊ လွယ်ဟိန်းနှင့် ထိုင်းနိုင်ငံ KT ZMICO's တို့ ပူးပေါင်းထားသည့် KTZ Ruby Hill Securities၊ United Amara Bank မှ Amara Securities၊ Young Investment Group မှ Union Trust Securities တို့ကို လိုင်စင်အတွက် ရွေးချယ်ထားကြောင်း သိရသည်။ယင်းအနက်မှ လက်ရှိတွင် လိုင်စင်ထုတ်ပေးထားသည့် ကုမ္ပဏီ လေးခုမှာ Kan-bawza Sterling Securities၊ AYA Trust Securities၊ KTZ Ruby Hill Securities၊ Myanmar Securities Exchange Center တို့ကို လုပ်ငန်းလိုင်စင် ထုတ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။ရန်ကုန်စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးမည့် Underwriter လိုင်စင်အတွက် ကုမ္ပဏီ ၁၀ ခု ဆန်ခါတင် ရွေးချယ်ထားကာ မတည်ရင်းနှီးငွေနှင့် ICT ပြင်ဆင်မှု အပြည့်စုံဆုံး ကုမ္ပဏီများကိုသာ လိုင်စင် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ယင်းဝန်ဆောင်မှုပေးမည့် Underwriter လိုင်စင် ဆိုသည်မှာ စတော့ရှယ်ယာ ရောင်းချမည့် ကုမ္ပဏီများကို ရှယ်ယာဈေးနှုန်း သတ်မှတ်ခြင်း၊ ရောင်းသူ၊ ဝယ်သူများ ကြားတွင် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာများရောင်းချခွင့် လုပ်ငန်းလိုင်စင်အတွက် ကျပ်သန်း ၃၀ မှ ကျပ် ၁၅ ဘီလျံအထိ သတ်မှတ်ထားပြီး တစ်ဆင့်ခံ ရှယ်ယာများ ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် Underwriter လိုင်စင်တစ်ခု အတွက် ကျပ် ၁၅ ဘီလျံ၊ ဝယ်ရောင်းလုပ်ငန်း အမျိုးအစား Dealer လိုင်စင်အတွက် ကျပ် ၁၀ ဘီလျံ၊ အကျိုးဆောင်လုပ်ငန်း Broker လိုင်စင်အတွက် ကျပ် ခုနစ်ဘီလျံ၊ အကြံပေးလုပ်ငန်း လိုင်စင်အတွက် ကျပ်သန်း ၃၀ သတ်မှတ်ထားကြောင်း သိရသည်။

Most Read

Most Recent