မြန်မာ့ဇာတ်သဘင် အနုပညာမှာ အနုပညာအင်အားကောင်းတဲ့ ပြဇာတ်တွေနဲ့ အောင်မြင်လာခဲ့တဲ့ မြို့တော်သိန်းအောင် ဇာတ်အဖွဲ့နှင့် မြို့တော်အင်အားသစ် ဇာတ်အဖွဲ့တို့၏ ပြဇာတ် ဒါရိုက်တာဖြစ်သူက မောင်ယဉ်အောင်(မြို့တော်)ပါ။ မောင်ယဉ်အောင်က ‘ကိုးဆယ်ဆ သာလိမ့်မယ်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီး အကယ်ဒမီဆုကြီးကိုလည်း ဆွတ်ခူးနိုင်ခဲ့သူပါ။ ဒီတစ်ခါမှာတော့ မောင်ယဉ်အောင် (မြို့တော်)ရဲ့ ပြဇာတ် အသစ်စက်စက်တစ်ပုဒ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ‘ဗိုလ်ချုပ်အောင်ဆန်း’ ရဲ့အကြောင်းတင်ဆက်ဖွဲ့ဆိုမှုတွေပါဝင်မယ့် ငါသည် ငါ၏နိုင်ငံတော် ထို့ကြောင့် ‘ ငါသည်အောင်ဆန်း’ ဆိုတဲ့ ပြဇာတ်ကြီးကို အကယ်ဒမီ မောင်ယဉ်အောင်(မြို့တော်)ရဲ့ စီစဉ်တင်ဆက်မှုနဲ့ မြို့ရွှေမန်းသား ဖိုးချစ်ဇာတ်အဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့နဲ့ ဖေဖော်ဝါရီ ၁၃ ရက် (ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့)တို့မှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ တင်ဆက်တော့မှာပါ။ ဒါကြောင့် ‘ ငါသည် အောင်ဆန်း’ ပြဇာတ်ကို ဖန်တီးသူ အကယ်ဒမီ မောင်ယဉ်အောင် (မြို့တော်)နဲ့ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ် . . .
မေး-‘ငါသည်အောင်ဆန်း’ ပြဇာတ်ရဲ့လက်ရှိ ပြင်ဆင်ပြီးစီးမှု အနေအထားမှာရော ဆရာ့ဘက်က စိတ်ကျေနပ်မှု ဘယ်လိုရှိလဲ။
ဖြေ- ကျွန်တော့်အနေနဲ့ကတော့ အနုပညာနဲ့ ပတ်သက်ရင် ကျွန်တော့်မူအတိုင်းပဲ လုပ်မယ်ဆိုရင် သေချာလုပ်မယ်။ လက်ရှိမှာ ပါဝင်ကပြကြတဲ့ သူတွေအားလုံးက ဒီပြဇာတ်အပေါ်မှာ ဂုဏ်ယူစိတ်နဲ့ကို လုပ်ဆောင်ပြီး သေချာ ကြိုးစားနေကြတာပါ။ ဇာတ်ညွှန်းက ကိုယ်ရေးတယ် ဆိုပေမယ့် ဟိုးအရင်တုန်းကလို ကိုယ်ရွေးထားတဲ့လူတွေနဲ့ ကရတာမဟုတ်ဘူး။ ကိုဖိုးချစ် ရွေးထားတဲ့လူတွေကို ကိုယ်က အဆင်ပြေအောင် သင်ပေးရတာကိုး။ သူတို့လည်း ကြိုးစားကြပေမယ့် ကိုယ့်ရင်ထဲက စံနဲ့ကျတော့ လိုနေသေးတယ်။ ဒါပေမဲ့ တကယ်ကတဲ့အခါတော့ အားလုံး အဆင်ပြေသွားမှာပါ။
မေး- ဒီပြဇာတ်မှာ ဆရာက ဇာတ်ညွှန်း ရေးတာအပြင် ဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားတဲ့အခါ ဆရာ့အနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ အဓိက ဆောင်ရွက်ဖြစ်လဲရှင့်
ဖြေ- အစစအရာရာ လိုအပ်တဲ့ နေရာမှန်သမျှကိုယ်က ပါဝင်ထားတယ်လို့ပဲ ပြောရမှာပါ။ ပြီးတော့ ပြဇာတ်တစ်ခု ကတဲ့အခါ ဆရာတို့က ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ မီးအပြင်အဆင် ပံ့ပိုးမှု၊ ဂီတနဲ့ ဆက်တင် အခမ်းအနား အပြင်အဆင် ငါးခုကို အဓိကထားပြီး တင်ဆက်ကပြတယ်။ အဲဒီထဲက တစ်ခုခု မကောင်းခဲ့ဘူးဆိုရင် ဇာတ်လည်း မကောင်းတော့ဘူး။ ဒါကြောင့် အဲဒီအပိုင်းတွေမှာလည်း ဆရာ သေချာစီစဉ်တယ်။ ဂီတမှာဆိုရင်လည်း ပြဇာတ်အတွက် ကိုယ်လိုချင်တဲ့ သီချင်းရအောင် သေချာစီစဉ်ထားပါတယ်။
မေး- ဒီပြဇာတ်အတွက် သီချင်းသစ်တွေ ချည်းပါမှာလား။
ဖြေ- ဒီပြဇာတ်မှာ ဗိုလ်ချုပ်ရေးပြီး ဆရာရွှေတိုင်ညွှန့် သံစဉ်ထည့်ထားတဲ့ အကျင့်ဆိုးသီချင်းကို တစ်ဝက်လောက် သုံးထားတယ်။ နောက်လွတ်လပ်ရေးရပြီးချိန်မှာ မန္တလေးက ဆရာကြီးတွေဖြစ်တဲ့ နန်းတော်ရှေ့ဆရာတင်တို့ မြို့မငြိမ်းတို့တွေရေးတဲ့ အောင်သာမြေမိုး သီချင်း၊ မန္တလေးက စာရေးဆရာ ချင်းတွင်းချစ်သွေး ရေးပြီး မာမာအေးဆိုခဲ့တဲ့ မငိုတမ်းမရှိုက်တမ်း ဆိုတဲ့ သီချင်းလည်းပါတယ်။ အဲဒီသီချင်းက လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က သီချင်းပေါ့။ နောက် သက်ေ၀ သီချင်း၊ အာရှသူရဲကောင်း သီချင်းတွေကို ဒီပြဇာတ်မှာ ထည့်သုံးထားပါတယ်။ သီချင်းအသစ်အနေနဲ့ကတော့ အကယ်ဒမီ စိန်မွတ္တားက သုံးပုဒ်၊ သျှန်ထွန်း(မြန်မာစာ)ကလည်း ရေးပေးထားတယ်။
မေး- ‘ ငါသည်အောင်ဆန်း’ ပြဇာတ်မှာ အဓိက ဇာတ်ဆောင်အဖြစ်ပ ါဝင်မယ့် အနုပညာရှင်က ဘယ်လောက် ရှိမလဲရှင့်။
ဖြေ- ‘ ငါသည်အောင်ဆန်း’ ပြဇာတ်အတွက် အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ကပြမယ့် ဇာတ်ကောင်က လေးဆယ်ကျော် ငါးဆယ်လောက် ရှိတယ်။ လူအင်အားကတော့ ဖိုးချစ်ဇာတ်အဖွဲ့ နှစ်ဖွဲ့အပြင် ဖိုးချစ်ရဲ့ ဘောလုံးအသင်းက လူတွေရောဆိုတော့ လူအင်အားက ၁၀၀ ဝန်းကျင်လောက်အထိ ရှိပါတယ်။
မေး- ဒီပြဇာတ်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ဘယ်လိုတွေ တင်ဆက်ထားလဲရှင့်။
ဖြေ- တကယ်တော့ ဒီပြဇာတ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိဇာတ်ကြောင်းကို တင်ဆက်ကပြမှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်ခေတ်တုန်းက ဗိုလ်ချုပ်ကို လေးစား ကြည်ညို အားကျလွန်းတဲ့ ကောင်လေးတစ်ယောက် အကြောင်းကို တင်ဆက်ထားတာပါ။ ဒီပြဇာတ်က နိုင်ငံရေးသမားတစ်ယောက်ရဲ့ ဘဝတစ်ခုကို အနုပညာသမားတစ်ယောက် ရဲ့ ခံစားချက်နဲ့ တင်ပြတာပါ။ ဇာတ်ဝင်ခန်းတိုင်းမှာ ဗိုလ်ချုပ်အကြောင်း ပါမှာမဟုတ်ပါ ဘူး။ ဗိုလ်ချုပ်အကြောင်း တင်ဆက်မှုတွေအပြင် ဒေါ်ခင်ကြည်ရဲ့ ခံစားချက်တွေ၊ ဗိုလ်ချုပ်ကို အားကျလွန်းတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝအကြောင်းအရာတွေကို ရောစပ်ပြီး တင်ဆက်ထားပါတယ်။ တချို့ ဇာတ်ဝင်ခန်းတွေမှာ ဗိုလ်ချုပ် ပြောစကားတွေအတိုင်းကို ဇာတ်လမ်းပုံစံနဲ့ ကိုက်အောင် ပြန်သုံးတယ်။ ဥပမာ ဗိုလ်ချုပ်က ဦးဝင်းတင်ကို ပြောခဲ့တဲ့စကားကို ဗိုလ်ချုပ်အားကျတဲ့ ကောင်လေးကို ဗိုလ်ချုပ်က သူ့အိပ်မက်ထဲမှာ ပြောတာမျိုးလိုပေါ့။
မေး- ဒီဇာတ်လမ်း ရေးတဲ့အခါ ဆရာဘယ်လို စိတ်ခံစားမှုမျိုးနဲ့ ကြိုးစား အားထုတ် ရေးခဲ့ရလဲ
ဖြေ- ဒီဇာတ်လမ်းက ဇာတ်ကောင်တွေကို ကိုယ်လိုချင်သလို လုပ်လို့မရတာတွေရှိတယ်။ အရမ်းအရေးကြီး သမိုင်း မှားလို့မရတာတွေ ရှိတယ်။ စာအုပ်တွေ အများကြီး ဖတ်ရတယ်။ ရေးပြီးသား တစ်ခန်းစာကိုလည်း အထပ်ထပ်အခါခါ ဖတ်ရတယ်။ သွေးတိုးမရှိတဲ့ကိုယ်က သွေးတိုးရောဂါ ရသွားတယ်။ ကိုယ့်ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် သေချာကြိုးစားထားတယ်။
မေး- ‘ ငါသည် အောင်ဆန်း’ ပြဇာတ်နဲ့ ပတ်သက်ပြီး ဆရာပြောချင်တာရှိရင်
ဖြေ- ကျွန်တော့်အနေနဲ့တော့ တစ်မျိုးသားလုံး သူ့ကျွန်ဘဝက လွတ်မြောက်အောင် ကြိုးစားပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဂုဏ်ကျေးဇူးကို ကိုယ်ချစ်တဲ့ ကိုယ်တတ်တဲ့ အနုပညာနဲ့ ဂုဏ်ပြုခွင့်ရတဲ့အတွက် ကျေနပ်ပီတီဖြစ်ရတယ်။ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အားစိုက် ကြိုးစားထားတယ်။ ဒီပြဇာတ်မှာ ကျွန်တော် သေချာ စိတ်နှစ်ပြီးကြိုးစားထားတဲ့အတွက် ကျွန်တော့်အတွက် မှတ်တိုင်တစ်ခု မဖြစ်ရင်တောင် ပြောစမှတ်တစ်ခုတော့ ဖြစ်မှာပါ။ ဒီပြဇာတ်မှာ ဗိုလ်ချုပ်ပြောတဲ့ စကားတွေ ဖြစ်စေချင်ခဲ့တာတွေကိုလည်း တွေ့ရမှာပါ။









