ရန်ကုန်မြို့သည် အဂတိလိုက်စားပြီး ကိစ္စအမျိုးမျိုး လုပ်နိုင်သည့် နေရာဖြစ်သဖြင့် အဖွဲ့ချုပ်၏ စည်းကမ်းများအတိုင်း ညီညွတ်စွာ ဆောင်ရွက်ရန် အရေးကြီးဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးက ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များအား မှာကြားသည်။ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်သည့် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ အဖွင့်အမှာစကား ပြောကြားရာတွင် နာယက ဦးတင်ဦးက ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ရန်ကုန်မြို့သည် တစ်ချိန်က မြို့တော်ကြီး ဖြစ်သည့်အတိုင်း ယနေ့တွင်လည်း မြို့တော်ကြီး၏ အင်္ဂါရပ်အတိုင်းပဲ လုပ်ကိုင်နေသည့် မြို့တစ်မြို့ ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၈ ရက်တွင် စတင်မည့် ရန်ကုန်တိုင်း လွှတ်တော်တွင် လုပ်ဆောင်ရမည့် ကိစ္စရပ်များတွင် အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် တစ်ခဲနက် တစည်းတလုံးတည်း ထောက်ခံပြီး အားပေးသွားကြရန် နာယက ဦးတင်ဦးက ပြောကြားသည်။ ဦးတင်ဦးက "ရန်ကုန်မြို့ဟာ အားလုံး သိတဲ့အတိုင်းပဲ စီးပွားရေးလောက၊ ငွေရေးကြေးရေး ကိစ္စနဲ့ ပတ်သက်တဲ့ လောက၊ အဂတိတရား လိုက်စားပြီးတော့ မဲဆွယ်လုပ်တဲ့ ကိစ္စအမျိုးမျိုး လုပ်နိုင်တဲ့ နေရာမျိုးဖြစ်တယ်။ အဲဒါကြောင့်မို့လို့ အင်မတန် သတိကြီးမားစွာနဲ့ လုပ်ရမှာမျိုး ဖြစ်တာကြောင့်မို့လို့ အခုလို အချိန်အခါမျိုးမှာ ဒီလိုမျိုးကိစ္စမျိုးကို မိမိတို့ အဖွဲ့အစည်းဟာ လုံးဝကင်းစင်ပြီး တကယ်ကို အဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းကမ်း၊ စည်းမျဉ်းများ အတိုင်းပဲ တိတိကျကျ ညီညီညွတ်ညွတ် တစ်သားတည်းဖြစ်အောင် ဆောင်ရွက်သွားနိုင်ဖို့ အရေးကြီးပါတယ်" ဟု ပြောကြားသည်။ ထို့ပြင် နာယက ဦးတင်ဦးက စည်းကမ်း၊ စည်းမျဉ်းဆိုသည်မှာ အလွန်အရေးကြီးကြောင်း၊ အဖွဲ့ချုပ်မှာ စည်းကမ်းစည်းမျဉ်းနှင့် ပတ်သက်၍ ခိုင်ခိုင်မာမာ ရပ်တည်လာသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ လက်ရှိတွင်လည်း အစိုးရ အဖွဲ့အစည်းဖြစ်မည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ယခုလို အခြေအနေတွင် ပါဝင်ရမည့် ကိုယ်စားလှယ်များမှာလည်း အဖွဲ့ချုပ်အပေါ်မှာ ခိုင်မြဲသော သစ္စာတရားဖြင့် လေးလေးနက်နက် ဆောင်ရွက်သွားရန်လည်း မှာကြားသည်။နာယက ဦးတင်ဦးက "၈ ရက်မှာ ပြုလုပ်တဲ့အခါမှာ အဖွဲ့ချုပ်က အဖွဲ့ဝင်များ အားလုံးတို့သည် တစ်နည်းအားဖြင့် အခုလွှတ်တော် ကိုယ်စားလှယ်များ အားလုံးတို့သည် ညီညီညွတ်ညွတ်နဲ့ အဖွဲ့ချုပ်က ချမှတ်ထားသော ကိစ္စရပ် အပေါ်မှာ လေးလေးနက်နက် ညီညီညွတ်ညွတ် တစ်ခဲနက် ထောက်ခံ အားပေးဖို့ လိုအပ်တယ် ဆိုတာကို လေးလေးနက်နက် မှာချင်ပါတယ်" ဟု ပြောကြားသည်။ထို့ပြင် လွှတ်တော် တက်ရောက်သည့် အခါတွင်လည်း အဖွဲ့ချုပ်၏ ဒုက္ခ၊ သုခများစွာထဲမှ အမှတ်သင်္ကေတဖြစ်သော ပင်နီ အင်္ကျီကိုဝတ်ပြီး ညီညီညွတ်ညွတ် ဝတ်ဆင် ဆောင်ရွက်ပေးရန်လည်း နာယက ဦးတင်ဦးက ပြောကြားသည်။မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာကျသည့် ရန်ကုန်တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လှည်းကူးမြို့နယ် မဲဆန္ဒနယ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား ရွေးချယ်လျာထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှိ နေရာ ၉၀ တွင် ၈၇ နေရာနှင့် ကရင်တိုင်းရင်းသား လူမျိုးကိုယ်စားလှယ် (ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး) တစ်နေရာတို့တွင် အနိုင်ရရှိထားသည်။
ရန်ကုန်မြို့သည် အဂတိ လိုက်စားပြီး ကိစ္စအမျိုးမျိုး လုပ်နိုင်သည့်နေရာ ဖြစ်သဖြင့် အဖွဲ့ချုပ်၏ စည်းကမ်းများအတိုင်း ညီညွတ်စွာ ဆောင်ရွက်ရန် အရေးကြီးဟု တိုင်းလွှတ်တော် ကိုယ်စားလှယ်များအား NLD နာယက ဦးတင်ဦး မှာကြား









