တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ရွေးချယ်ရန်အတွက် တိုင်းနှင့်ပြည်နယ်များမှ NLD ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၅၀ ကျော် ပါဝင်သည့် စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းဆင်းပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးတင်ဦးနှင့် သူရဦးရွှေမန်းတို့ တက်ရောက် အမှာစကား ပြောကြား
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ရွေးချယ်ရန်အတွက် တိုင်းနှင့်ပြည်နယ်များမှ NLD ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၅၀ ကျော် ပါဝင်သည့် စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းဆင်းပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးတင်ဦးနှင့် သူရဦးရွှေမန်းတို့ တက်ရောက် အမှာစကား ပြောကြားသည်။
အဆိုပါ စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းအား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များအနက် ရွေးချယ်ပြီး ၅၀ ကျော်အား စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုယ်စားလှယ် ၅၀ ကျော် ပါဝင်သည့် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် သုံးဦးစီခန့် ပါရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယကဟောင်း သူရဦးရွှေမန်းက လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များကို ပြောကြားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ပြောကြားသည်။
စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဆင်းပွဲသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက သူရဦးတင်ဦးက “ဒါက အစည်းအဝေး မဟုတ်ပါဘူး။ သင်တန်းပါ။ ဦးရွှေမန်း လာတက်တာကလည်း လွှတ်တော်ဆိုင်ရာ ကိစ္စတွေကို အသေးစိတ်လာရောက် ရှင်းပြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးရွှေမန်းတို့ကလည်း ကျေးဇူးတင်စကားတွေ ပြောတာ အဓိကပါပဲ။ အခုအခြေအနေထက် ပိုကောင်းအောင်လုပ်ဖို့ ပြောတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတဖြစ်ရမှာပေါ့။ မဖြစ်လို့တော့ ဘယ်ဖြစ်မလဲ။ ဖြစ်အောင်တော့ လုပ်ရမှာပေါ့။ ကျွန်တော်က ပြည်သူ့ဘက်က စစ်ဗိုလ်ချုပ်ကြီးလည်း ဖြစ်ပါတယ်။ အားလုံးအောင်မြင်အောင် ထမ်းပေးမယ့် အထမ်းသမားပါ။ ပြည်သူ့ဘက်က အထမ်းသမားပဲ။ အားလုံး အောင်မြင်အောင် ဝိုင်းပြီး ကြိုးစားရမှာပေါ့။ ဒေါ်စုကို အတတ်နိုင်ဆုံး ကူညီမယ်ဆိုတာပဲ ရှိပါတယ်”ဟု ပြောကြားသည်။
လက်ရှိအချိန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရာထူးများအတွက် ရွေးချယ်ရခြင်း မရှိသေးဟုလည်း သူရဦးတင်ဦးက ဆိုသည်။
သို့ရာတွင် သင်တန်းတက်ခဲ့သည့် ကိုယ်စားလှယ်များသည် ပြည်နယ်နှင့်တိုင်း ဒေသကြီးအလိုက် လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ် နေရာအတွက် လျာထားသူများဟု သတင်းများ ထွက်ပေါ်နေသည်။
“တာဝန်ပေးမယ့်သူ အများစုကို လိုအပ်ချက်တွေ ဖြည့်ဆည်းပေးမယ့် သင်တန်းပါပဲ။ နောက်အစိုးရအဖွဲ့မှာရော လွှတ်တော်မှာရော ကျွန်တော်တို့တော့ အခုချိန်ထိ မသိသေးပါဘူး”ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
ဒုတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကာ အဆိုပါနေ့တွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးချယ်မည် ဖြစ်သည်။















