NLD လွှတ်တော် ကိုယ်စားလှယ်အများစု ပါဝင်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်ကျင်းပ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်အား ဥက္ကဋ္ဌအဖြစ် တင်မြှောက်

NLD လွှတ်တော် ကိုယ်စားလှယ်အများစု ပါဝင်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်ကျင်းပ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်အား ဥက္ကဋ္ဌအဖြစ် တင်မြှောက်
Published 1 February 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်က စတင်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် ဒုဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတီခွန်မြတ်တို့ကို ရွေးချယ်တင်မြှောက်ခဲ့သည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးကို နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်ဌေးကြွယ်ကို သဘာပတိအဖြစ် တင်မြှောက်ခဲ့ကာ ၎င်း၏ဦးဆောင်မှုဖြင့် ဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
“ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို လွှတ်တော်ကိုယ်စားလှယ်များက ကျွန်တော့်အား ပေးအပ်လိုက်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီတာဝန်ကြီးကို ကျွန်တော့်အနေဖြင့်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဂတိတရားကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ အခွင့်အလမ်းများ ပွင့်လင်းလာစေရန်၊ နိုင်ငံသားများရဲ့ အခြေခံ လူ့အခွင့်အရေးများ ပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းအားထုတ်မည် ဖြစ်ပါကြောင်း လေးနက် တည်ကြည်စွာ ကတိပြုပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ဦးဝင်းမြင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတို့တွင် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။
အဆိုပါအစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၊ ဒုဥက္ကဋ္ဌဟောင်း ဦးနန္ဒကျော်စွာတို့ အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အသစ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အသစ်များ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။ ထို့ပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။
“အခုဟာက ဒုတိယအကြိမ်ကျင်းပတဲ့ လွှတ်တော်ဖြစ်တယ်။ လုပ်သင့်လုပ်ထိုက်တဲ့ လွှတ်တော်ကြီးပဲဗျာ။ အခုလိုလွှတ်တော်ကြီးကို တက်ရတာလည်း ဂုဏ်ယူပါတယ်။ကျွန်တော်တို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ကိစ္စ၊ အမျိုး သားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စကို ဆောင်ရွက်မှာပါ။ လွှတ်တော်ထဲမှာရှိတဲ့ ကျွန်တော်တို့မိတ်ဆွေတွေ၊ အခြားပါတီက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းပြီး ဆောင်ရွက်သွားမှာပါ”  ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးလှဌေးဝင်းက ဆိုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှုတ်ခွန်းဆက်စကား ပြောကြားနေသည်ကို  သတင်းရယူနေသူများအား တွေ့ရစဉ်  (ဓာတ်ပုံ-မျိုးမင်းထက်)
ထို့ပြင် ရခိုင်အမျိုးသားပါတီမှ ဦးဘရှိန်က “တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းရင်းသားတွေ တန်းတူညီမျှ အခွင့်အရေးရဖို့၊ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ထောင်ဖို့ မျှော်လင့်ချက်တွေက ကြီးကြီးမားမား ဖြစ်နေပါတယ်။ ခရီးဘယ်လောက်ထိ ပေါက်မယ်ဆိုတာတော့ မသိသေးဘူးပေါ့။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့ကတော့ NLD က တင်ထားတဲ့ လွှတ်တော်ဥက္ကဋ္ဌတို့မှာ တာဝန်ရှိတာပေါ့။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုဆိုတာကို လွှတ်တော်က ဘယ်လောက်အထိ ဦးဆောင်ပြီး လုပ်နိုင်မလဲ။ ဒါတွေက လွှတ်aတာ်က ဆောင်ရွက်ချက်တွေပေါ် မူတည်တာပေါ့။ အကောင်းဘက်ကို မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။
ထို့အတူ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ ၆၀၀ ကျော် သတင်းရယူခဲ့သည်။ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၅၅ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃၀ ၊ ရခိုင်အမျိုးသား ပါတီမှ ၁၂ ဦး၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၂ ဦး၊ PNO မှ သုံးဦး၊ တအာင်း (ပလောင်) မှ သုံးဦး၊ ဇိုမီးဒီမိုကရေစီပါတီမှ နှစ်ဦး၊ လီဆူးအမျိုးသားပါတီမှ နှစ်ဦး၊ ကချင်ဒီမိုကရေစီပါတီ၊ ဝဒီမိုကရက်တစ်ပါတီနှင့် ကိုးကန့်ဒီမိုကရေစီပါတီတို့မှ တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ တစ်ဦး စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ် ၃၂၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀  ပါဝင်သည်။
“တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို တန်းတူညီမျှ ပေးစေချင်ပါတယ်။ NLOD ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို အခွင့်အရေး တန်းတူပေးဖို့ လိုပါတယ်။ အဲဒီလိုဖြစ်လာမယ်လို့လည်း မျှော်လင့်ထားပါတယ်” ဟု လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ  ဦးလာမာလေးက ပြောကြားသည်။
ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှဦးစိုင်းသန့်ဇင်က “အခုလွှတ်တော် အခင်းအကျင်းမှာလည်း ပြည်ခိုင်ဖြိုးပါတီက အရေးပါနေဦးမှာပဲ။ လွှတ်တော်တွင်းမှာ အတိုက်အခံ ရှိ၊ မရှိနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပါတီတွင်းမှာလည်း ဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာနဲ့ အခုလာမယ့် ငါးနှစ်တာက မတူတော့ပါဘူး။ ပြောရမယ်ဆိုရင် ကျွန်တော့်ပါတီအနေနဲ့ ရွေးကောက်ပွဲမဝင်ခင်က ဘာကိုအဓိကထား စဉ်းစားခဲ့လဲဆိုရင် ကျွန်တော်တို့အနေနဲ့ အတိုက်အခံအနေနဲ့ မရပ်တည်ရင် အတိုက်အခံအင်အား ပျောက်သွားမလားဆိုတဲ့ အနေအထားကို စဉ်းစားခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရွေးကောက်ပွဲ ပြီးသွားတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ရလဒ်က အားလုံးမထင်မှတ်ထားတဲ့ ရလဒ်ပဲလေ။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီလှုပ်ရှားမှုမှာ ဦးဆောင်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တောင်ပြိုကမ်းပြို နိုင်ခဲ့တယ်။ နိုင်တာမှ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ နိုင်ခဲ့တယ်။ ပထမ မျှော်မှန်းထားတာက NLD အနေနဲ့ အစိုးရဖွဲ့နိုင်လောက်အောင် မနိုင်ခဲ့ဘူးဆိုရင် အတိုက်အခံ NLD နဲ့ပေါင်းပြီးတော့ လုပ်မယ်ဆိုရင် ပြည်သူလူထု လိုလားတဲ့ အရပ်သားအစိုးရ ပေါ်ပေါက်လာအောင် လုပ်မယ်ရည်မှန်းခဲ့တာ။ တကယ်တမ်းကျတော့ ပြည်သူက ပြတ်ပြတ်သားသား မဲပေးခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေအရ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေကို တော်တော်လေး အလေးထားတယ်ဆိုတာ တွေ့ရပါတယ်။ ကမ်းလှမ်းမှုတွေလည်း ရှိနိုင်ပါတယ်”ဟု ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက်က ကျင်းပခဲ့သည့် ပထမရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ ၄၃၃ ဦးရှိသည့်အနက် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဒုသမ္မတနှစ်ဦးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်းတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် လေးဦး ပျက်ကွက်ခဲ့သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ဒုတိယရက်ကို ဖေဖော်ဝါရီ ၄ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီ ၂ ရက်တွင် အစမ်းလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကာ ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၃၅ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၁ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၁၀ ဦး၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သုံးဦး၊ ဇိုမီး ဒီမိုကရေစီပါတီမှ နှစ်ဦး၊ တအာင်း(ပလောင်)မှ နှစ်ဦး၊ မွန်အမျိုးသားပါတီမှ တစ်ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ တစ်ဦး၊ PNO မှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလ နှစ်ဦး စုစုပေါင်း ၁၆၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦးတို့ ပါဝင်မည်ဖြစ်သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် မြန်မာပြည်သူလူထုသည် ၎င်းတို့၏ ရင်ထဲမှ ဆန္ဒများကို ထုတ်ဖော်ပြသခဲ့ကြပါကြောင်း၊ အသစ် ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော်အမတ်များ ယနေ့စတင်၍ လွှတ်တော်တက်ရောက်ခြင်းကို မိမိတို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျန်းခန့်သာ၍ မာပါစေကြောင်း၊ အခက်အခဲရှိသော်လည်း အရေးပေါ်တာဝန်ဖြစ်သည့် ငြိမ်းချမ်းခြင်း၊ စည်ပင်ဝပြောခြင်း၊ တရားမျှတခြင်းတို့နှင့်အတူ  ပြု ပြင်ပြောင်းလဲရေးကို ရှေ့ဆက် တိုးတက် ဖော်ဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ ယနေ့ကဲ့သို့ သမိုင်းဝင် နေ့မျိုးရောက်ရှိအောင် ဆောင်ကြဉ်းနိုင်ခဲ့သော ဒီမိုကရေစီဖြစ်စဉ်ကိုလည်း အမေရိကန်သံရုံးက ဂုဏ်ပြုပါကြောင်း၊ ရှေ့လာမည့် နှစ်များအတွင်း နိုင်ငံတစ်ဝန်း ဒီမိုကရေစီစနစ် ကျင့်သုံးမှု မြှင့်တင်နိုင်ရေး နည်းလမ်းများ ရှာဖွေရန်နှင့်အတူ လွှတ်တော် အမတ်သစ်များကို ဆက်လက် ထောက်ခံ အားပေး ကူညီသွားနိုင်ရေးတို့ကို မျှော်လင့်စောင့်စားလျက်ရှိပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent