အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရ ကိုယ်စားလှယ် အများစု ပါဝင်သည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ယနေ့ စတင်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရ ကိုယ်စားလှယ် အများစု ပါဝင်သည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ယနေ့ စတင်မည်
Published 31 January 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း

၂၀၁၅ ရွေးကောက်ပွဲတွင် နေရာအများအပြားတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်အများစု ပါဝင်သည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) တွင် စတင်ကျင်းပမည်ဖြစ်သည်။ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပရာတွင် ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူ့လွှတ်တော်၊ ဖေဖော်ဝါရီ ၂ ရက်တွင် အမျိုးသားလွှတ်တော်နှင့် ဖေဖော်ဝါရီ ၈ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ဒုတိယအကြိမ် ပထမပုံမှန် အစည်းအဝေးများ စတင်ကျင်းပမည် ဖြစ်သည်။ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးနှင့် ဖေဖော်ဝါရီ ၂ ရက်တွင် စတင်ကျင်းပမည့် အမျိုးသားလွှတ်တော်တို့တွင် ဦးစွာ သဘာပတိ တစ်ဦးကို ရွေးချယ်မည်ဖြစ်ကာ အဆိုပါ  သဘာပတိက ဦးဆောင်၍ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ကို ရွေးချယ်သွားမည်ဖြစ်သည်။ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အတည်ပြုချက်အရ ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းမြင့်နှင့် ဒုဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတီခွန်မြတ်တို့ကို ရွေးချယ်မည်ဟု သိရသည်။အလားတူ အမျိုးသား လွှတ်တော်တွင်လည်း ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမန်းဝင်းခိုင်သန်း၊ ဒုဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်တို့ကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။“ပထမဆုံး ရက်မှာတော့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို ရွေးပြီးရင် အစည်းအဝေးနားမယ် ထင်ပါတယ်။ တခြား ဆွေးနွေးစရာ ဘာမှ မရှိကြသေးဘူးလေ။ နောက်ပိုင်းမှ ကျွန်တော်တို့ ပါတီတွင်းရော၊ အခြားပါတီတွေကပါ တိုင်ပင်ပြီးမှ မေးခွန်းမေးတာ၊ အဆိုတင်တာတွေ လုပ်ကြမယ် ထင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။ဒုတိယအကြိမ် လွှတ်တော်များတွင် ပြည်သူ့လွှတ်တော်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၂၅၅ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃၀၊ ရခိုင်အမျိုးသားပါတီမှ ၁၂ ဦး၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၂ ဦး၊ PNO မှ သုံးဦး၊ တအောင်း (ပလောင်)မှ သုံးဦး၊ ဇိုမီးဒီမိုကရေစီပါတီမှ နှစ်ဦး၊ လီဆူးအမျိုးသားပါတီမှ နှစ်ဦး၊ ကချင်ဒီမိုကရေစီ ပါတီ၊ ဝဒီမိုကရက်တစ် ပါတီနှင့် ကိုးကန့် ဒီမိုကရေစီ ပါတီတို့မှ တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလတစ်ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၂၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ပါဝင်မည်ဖြစ်သည်။ထို့အတူ အမျိုးသားလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၃၅ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၁ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၁၀ ဦး၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သုံးဦး၊ ဇိုမီးဒီမိုကရေစီပါတီမှ နှစ်ဦး၊ တအောင်း (ပလောင်) မှ နှစ်ဦး၊ မွန်အမျိုးသားပါတီမှ တစ်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တစ်ဦး၊ PNO မှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလ နှစ်ဦး စုစုပေါင်း ၁၆၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး ပါဝင်မည်ဖြစ်သည်။၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် စတင်ကျင်းပခဲ့သည့် ပထမအကြိမ် လွှတ်တော်များသည် ပြည်သူနှင့် လွှတ်တော် ကွင်းဆက်ပြတ်နေသည့် အနေအထားတွင် ရှိနေခဲ့ခြင်းနှင့် တပ်မတော်အစိုးရ၏ စိတ်တိုင်းကျ လုပ်ခဲ့ရသည့် အခင်းအကျင်းတွင် လုပ်ခဲ့ရခြင်းတို့ကြောင့် လုပ်ကိုင်ရသူများ အနေဖြင့် အခက်အခဲ ရှိခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် လွှတ်တော်တွင်မူ ပြည်သူနှင့် လွှတ်တော်မှာ ထိတွေ့မှု ပိုမိုရှိလာခြင်းကြောင့် လွှတ်တော်မှာ ပိုမိုအားကောင်းလာနိုင်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။ရခိုင်အမျိုးသားပါတီမှ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်းက “အခုလာမယ့် လွှတ်တော်ကို ရောက်လာမယ့် ပါတီ အများစုဟာ လူထုတိုက်ပွဲ၊ ဒီမိုကရေစီ တိုက်ပွဲကြားမှာ ဖြစ်ပေါ်လာတဲ့ ပါတီတွေဆိုတော့ ဒီမိုကရေစီရဲ့ အနှစ်သာရတွေနဲ့ ပိုပြီးတော့ ညီလာမယ်၊ ပိုပြီးတော့ ပွင့်လင်းမြင်သာမှုတွေနဲ့ ပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောကြားသည်။ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်မူ ပထမအကြိမ် လွှတ်တော်သက်တမ်း၏ အားနည်းချက်၊ အားသာချက်များကို သိရှိထားသည့်အတွက် ပြည်သူများအတွက် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ဒုသမ္မတ တစ်ဦးစီ ရွေးချယ်မည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော်တွင် အဆိုပါ ဒုသမ္မတ သုံးဦးမှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်မည်ဖြစ်သည်။ဒုတိယအကြိမ် လွှတ်တော်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်တွင် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၃၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၄၇၅ ဦးနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦး ပါဝင်မည်ဖြစ်သည်။ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်လုံးတွင် တင်မြှောက်ရမည့် ဒုသမ္မတနှစ်ဦးကို ရွေးချယ်တင်မြှောက်ခွင့် ရရှိထားပြီးဖြစ်သည်။ထိုသို့ သမ္မတ ရွေးချယ်တင်မြှောက်ရာတွင် လိုအပ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၃ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး၊ စုစုပေါင်း ၆၅၇ ဦး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြစ်သည့် ၃၂၉ နေရာကျော်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရရှိထားသည်။ပထမအကြိမ် လွှတ်တော်အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် စတင်ကျင်းပခဲ့ရာ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်း၊ ဒုဥက္ကဋ္ဌအဖြစ် ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်အောင်မြင့်၊ ဒုဥက္ကဋ္ဌအဖြစ် ဦးမြညိမ်းတို့က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့သူ အားလုံးသည် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှသာ ဖြစ်သည်။

Most Read

Most Recent