ခွင့်ပြုချက်မကျမီ ဆောက်လုပ်ထားသည့် အဆောက်အအုံ ပုံစံများတွင် အခကြေးငွေယူကာ အလွယ်တကူ လက်မှတ်ရေးထိုးခြင်းများနှင့် စည်းကမ်းဖောက်ဖျက်မှုများအတွက် ကန်ထရိုက်နှင့် အင်ဂျင်နီယာများကို လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်

ခွင့်ပြုချက်မကျမီ ဆောက်လုပ်ထားသည့် အဆောက်အအုံ ပုံစံများတွင် အခကြေးငွေယူကာ အလွယ်တကူ လက်မှတ်ရေးထိုးခြင်းများနှင့် စည်းကမ်းဖောက်ဖျက်မှုများအတွက် ကန်ထရိုက်နှင့် အင်ဂျင်နီယာများကို လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်
Published 30 January 2016
အေးမြတ်မွန်

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရမီ ဆောက်လုပ်ထားသော အဆောက်အအုံ ပုံစံများတွင် အခကြေးငွေယူကာ လက်မှတ်ရေးထိုးခြင်းများနှင့် စည်းကမ်ဖောက်ဖျက်မှုများ ဖြစ်ပေါ်နေခြင်းများအတွက် ကန်ထရိုက်နှင့် အင်ဂျင်နီယာများကို လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသည်။ရန်ကုန်မြို့တွင်း အချို့သော လိုင်စင်ရ ကန်ထရိုက်တာနှင့် အင်ဂျင်နီယာ အချို့သည် အဆောက်အအုံ ဆောက်လုပ်ခွင့် မလျှောက်ထားမီ မြေပြင်သို့ သွားရောက်ကြည့်ရှုခြင်း မပြုဘဲ၊ မြေပြင် အခြေအနေနှင့် မကိုက်ညီဘဲ ဆောက်လုပ်ထားသော ပုံစံများနှင့် ခွင့်ပြုချက်မကျမီ ဆောက်လုပ်ထားသည့် အဆောက်အအုံ ပုံစံများတွင် အခကြေးငွေယူကာ အလွယ်တကူ လက်မှတ်ထိုးကြခြင်း၊ ဆောက်လုပ်ခွင့် ရပြီးပါကလည်း လုပ်ငန်းခွင်အား စနစ်တကျ မကြီးကြပ်သဖြင့် စည်းကမ်းဖောက်ဖျက်မှုများနှင့် ပုံစံကွဲလွဲမှုများ ဖြစ်ပေါ်နေခြင်းများ ရှိနေကြောင်း သိရသည်။ယင်းသို့ ဖြစ်ပေါ်နေသည့် အချက်များကို ဌာနက လိုင်စင်ရုပ်သိမ်း အရေးယူမှုများ ဆောင်ရွက်ခံရခြင်းအပေါ် အရေးယူခံရသည့် အဆောက်အအုံသည် မိမိတို့နှင့်ပတ်သက်မှု မရှိကြောင်း၊ လက်မှတ်ထိုးပေးခြင်းသာ ဖြစ်ကြောင်း စသည်ဖြင့် အကြောင်း အမျိုးမျိုးပြကာ အဆောက်အအုံ ဆောက်လုပ်ခြင်းကို ကြီးကြပ်ခြင်းမှ နုတ်ထွက်ခွင့်ပြုရန်နှင့် အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ပြန်လည် တင်ပြနေကြောင်း သိရသည်။"အခုဖြစ်နေတာက အမျိုးမျိုးပဲ။ အဆောက်အအုံတွေကို ခွင့်ပြုမိန့် မကျသေးဘူး။ အင်ဂျင်နီယာက လက်မှတ်ထိုးထားတယ်။ ကန်ထရိုက်က ကြိုဆောက်တာဆိုပြီး ပြောတယ်။ အကြောင်းအမျိုးမျိုး ပြတယ်ပေါ့။ လက်မှတ်ထိုးထားတယ်ဆိုရင် တာဝန်ယူရမယ်။ အဲဒါတွေကို သတိပေးတယ်။ မရရင် အရေးယူသွားမယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ထို့ကြောင့် လိုင်စင်ရ ကန်ထရိုက်တာများနှင့် လိုင်စင်ရ အင်ဂျင်နီယာများ အနေဖြင့် မိမိတာဝန်ယူ လက်မှတ်ရေးထိုးသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုကာ ဌာနလုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီသည့် ပုံစံများကို တာဝန်ယူ လက်မှတ်ရေးထိုးရန်နှင့်  မိမိတာဝန်ယူ လက်မှတ်ရေးထိုးကာ ခွင့်ပြု ချက် ရရှိပြီးသော အဆောက်အအုံများကို ခွင်ြ့ပုပါ ပုံစံအတိုင်း စည်းကမ်းချက်နှင့်အညီ ဆောက်လုပ်ရန်နှင့် တာဝန်ယူဆောက်လုပ်သည့် အဆောက်အအုံတွင် စည်းကမ်းဖောက်ဖျက်မှုများ ပေါ်ပေါက်ပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ထို့ပြင် အကြောင်းအမျိုးမျိုးပြကာ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် တင်ပြခြင်းများကို လက်ခံဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ယင်းသို့ စည်းကမ်းဖောက်ဖျက် ဆောက်လုပ်နေမှု အများဆုံး ဖြစ်ပွားနေမှုမှာ မြို့ပြင်ဆောက်လုပ်ရေး လုပ်ငန်းများတွင် အများဆုံး ဖြစ်ပွားနေပြီး စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent