ပြည်ပသို့ တစ်နှစ်လျှင် သစ်ကုန်ကြမ်းတန်ချိန် သုံးသန်းခန့် တင်ပို့နေသော်လည်း ပြည်တွင်းပရိဘောဂ ထုတ်လုပ်မှု နည်းနေခြင်းကြောင့် ပြည်ပမှ တန်ဖိုးမြင့် သစ်အစားထိုး ပရိဘောဂများ ပြန်လည်တင်သွင်းနေရ

ပြည်ပသို့ တစ်နှစ်လျှင် သစ်ကုန်ကြမ်းတန်ချိန် သုံးသန်းခန့် တင်ပို့နေသော်လည်း ပြည်တွင်းပရိဘောဂ ထုတ်လုပ်မှု နည်းနေခြင်းကြောင့် ပြည်ပမှ တန်ဖိုးမြင့် သစ်အစားထိုး ပရိဘောဂများ ပြန်လည်တင်သွင်းနေရ
Published 28 January 2016
သင်းဖြိုး၊ ခင်သဉ္ဇာဗိုလ်

မြန်မာနိုင်ငံမှ ပြည်ပသို့ တစ်နှစ်လျှင် သစ်ကုန်ကြမ်း တန်ချိန် သုံးသန်းခန့် တင်ပို့နေသော်လည်း ပြည်တွင်းပရိဘောဂ ထုတ်လုပ်မှု နည်းနေခြင်းကြောင့် ပြည်ပမှ တန်ဖိုးမြင့် သစ်အစားထိုး ပရိဘောဂများ ပြန်လည်တင်သွင်း နေရကြောင်း မြန်မာနိုင်ငံ သစ်တောထွက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ဆိုသည်။
“မြန်မာနိုင်ငံမှာ ပြည်ပကို တစ်နှစ်တင်ပို့နေတဲ့ သစ်အကုန်လုံးကို ပရိဘောဂထုတ်လုပ်မယ် ဆိုရင်လည်း မဖြစ်နိုင်ပါဘူး။ နှစ်ပေါင်း ၂၀၀၊ ၃၀၀လောက် ကြာမှာဖြစ်ပါတယ်။ ဒါပေမဲ့ စည်းကမ်းမဲ့ သစ်တောခုတ်ထွင်မှုကို လျှော့ချပြီး နည်းစနစ်တကျ ခုတ်မယ်။ ပြီးရင် ပြည်ပကို သစ်ကုန်ကြမ်း တင်ပို့တာထက် ပြည်တွင်းက ပရိဘောဂ ထုတ်လုပ်တာကို ပိုပြီးအားပေးသင့်ပါတယ်။ ဒါက ပြည်တွင်းအလုပ်အကိုင် ဖန်တီးမှု တစ်ရပ်လည်း ဖြစ်လာနိုင်ပါတယ်။ ပြီးရင် ပြည်ပကို သစ်ကုန်ကြမ်းအနေနဲ့ တင်ပို့တာထက် ပရိဘောဂ ထုတ်လုပ်ပြီးမှ တင်ပို့မယ်ဆိုရင် ပိုပြီး တန်ဖိုးရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
လက်ရှိတွင် သစ်ကုန်ကြမ်းများကို စည်းကမ်းမဲ့ခုတ်၍ ပြည်ပတင်ပို့ များနေခြင်းကြောင့် သစ်တောပြုန်းတီးမှုနှင့် ကြုံတွေ့နေရပြီး ရေရှည်တွင် ယင်းကဲ့သို့ စည်းကမ်းမဲ့ လုပ်ရပ်မျိုး မပြုလုပ်သင့်ကြောင်းကိုလည်း ပညာရှင် အသိုင်းအဝိုင်းမှ တောင်းဆိုထားကြောင်း သိရသည်။
ယင်းကဲ့သို့ စည်းကမ်းမဲ့ သစ်ခုတ်မှုများကြောင့် သဘာ၀ ဘေးအန္တရာယ် ကျရောက်မှု အဖြစ်နိုင်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံမှာ ဒုတိယနေရာ၌ ရောက်ရှိနေကြောင်း သိရသည်။
ယခုအခါ သစ်တောပြုန်းတီးမှုကို ကာကွယ်ရန် ပြည်ပနိုင်ငံများ၌ သစ်တောစိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းကို တွင်ကျယ်စွာ လုပ်ဆောင်နေကြပြီး ယင်းစနစ်ကို မြန်မာနိုင်ငံတွင် ဆောင်ရွက်နိုင်ပါက သစ်တောပြုန်းတီးမှုကို အထိုက်အလျောက် ကာကွယ်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
“လက်ရှိပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ ပရိဘောဂပစ္စည်းတွေကို နိုင်ငံတကာပြပွဲတွေကို သွားရောက်ပြသနိုင်ဖို့၊ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတဲ့ ပရိဘောဂ လုပ်ငန်းရှင်တွေကိုလည်း လုပ်ငန်းကြီးတွေ ဆောင်ရွက်လာနိုင်ဖို့နဲ့ ပွင့်လင်းလာတဲ့ခေတ်မှာ နိုင်ငံခြားကုမ္ပဏီတွေလည်း ဝင်လာမှာဆိုတော့ ပရိဘောဂ ပစ္စည်းတွေက နောက်ဆို ဝယ်ယူသုံးစွဲမှု များလာမှာပါ။ ဒါကြောင့် ပရိဘောဂ လုပ်ငန်းရှင်တွေ အနေနဲ့လည်း ပစ္စည်းရဲ့ Decoration ပိုင်းကို ဖြည့်ဆည်းထားဖို့လို အပ်ပါတယ်” ဟု သစ်အခြေခံပရိဘောဂ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်သူက ဆိုသည်။
ယင်းကဲ့သို့ ပြည်တွင်း၌ ပရိဘောဂပစ္စည်း ထုတ်လုပ်မှု နည်းပါးနေခြင်းကြောင့်လည်း ပြည်ပမှတင်သွင်းသည့် တန်ဖိုးမြင့် ပရိဘောဂ ပစ္စည်းများ ဈေးကွက်အတွင်း ပိုမိုများပြားနေကြောင်း သိရသည်။
 

Most Read

Most Recent