ဖားကန့်ဒေသတွင် မကြာခဏ ပြိုကျမှုဖြစ်ပေါ်နေသည့် ကန်ခမ် စုပေါင်းစွန့်ပစ်မြေစာပုံ၌ မြေစာစွန့်ပစ်မှုကို ယာယီရပ်ဆိုင်း

ဖားကန့်ဒေသတွင် မကြာခဏ ပြိုကျမှုဖြစ်ပေါ်နေသည့် ကန်ခမ် စုပေါင်းစွန့်ပစ်မြေစာပုံ၌ မြေစာစွန့်ပစ်မှုကို ယာယီရပ်ဆိုင်း
Published 28 January 2016
အောင်ဟိန်းမင်း

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုအတွင်းရှိ ကန်ခမ် စုပေါင်းစွန့်ပစ်မြေစာပုံမှာ မကြာခဏ ပြိုကျမှုဖြစ်ပေါ်နေသည့်အတွက် ယခုအခါတွင် မြေစာစွန့်ပစ်မှု ယာယီရပ်ဆိုင်းလိုက်ပြီး ကုမ္ပဏီများအနေဖြင့် အန္တရာယ်ကင်းရေး ဆောင်ရွက်ပြီးမှသာ စွန့်ပစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ကန်ခမ် စုပေါင်းမြေစာပုံမှာ ၂၀၁၅ ခုနှစ်အတွင်း ငါးကြိမ်ထက်မနည်း ပြိုကျမှုဖြစ်ပေါ်ခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူနှင့် မြေစာပုံအနီး တဲထိုးနေထိုင်သူများစွာ သေဆုံးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ဇန်နဝါရီ ၂၅ ရက်က မြေစာ ထပ်မံပြိုကျခဲ့ရာ အန္တရာယ်များပြားနေပြီဖြစ်သည့်အတွက် မြေစာစွန့်ပစ်မှုအား ယာယီရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။“ဟိုတစ်နေ့က ကန်ခမ်မြေစာပုံ ထပ်ပြို ကျပြီးတော့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရယ်၊ ကျောက်စိမ်းရုံးရယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ သွားကြည့်ခဲ့ပါတယ်။ အဲဒီလိုသွားကြည့်ပြီးတော့ မြေစာပုံဟာ အန္တရာယ်ရှိနေပြီ ဖြစ်တဲ့အတွက် အဲဒီမှာ မြေစာသွားပစ်နေတဲ့ ကုမ္ပဏီတွေကို ယာယီ ရပ်နားခိုင်းထားပါတယ်။ မြေစာပုံကို အန္တရာယ်ကင်းတဲ့အထိ မြေစာဝိတ်လျှော့ပြီးမှသာ ဆက်ပစ်ဖို့ ခွင့်ပြုသွားမှာပါ”ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောကြားသည်။ကန်ခမ်စုပေါင်းမြေစာပုံတွင် ရာဇဌာနီ၊ မြန်မာ့တကောင်း၊ မြန်မာသူရ၊ သံလွင်တောင်တန်း၊ လျှန်ရှန်း၊ နေမင်းကမ္ဘာ၊ မြန်မာဂုဏ်ရည် စသည့်ကုမ္ပဏီတို့မှ မြေစာစွန့်ပစ်လျက်ရှိကြောင်း သိရသည်။လက်ရှိအချိန် ဖားကန့်ဒေသတွင် အချိန်အခါမဟုတ် မိုးများ ရွာသွန်းနေသည့်အတွက် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမည်ကို စိုးရိမ်နေရပြီး စွန့်ပစ်မြေစာပုံ အများအပြားမှာလည်း ပြိုကျနိုင်သည့်အနေအထားတွင် ရှိနေကြောင်း ရေမဆေးကျောက်ရှာဖွေသူများ က ပြောကြားသည်။၂၀၁၅ ခုနှစ်အတွင်း ဖားကန့်ဒေသတွင် ရဲမှတ်တမ်းများအရ မြေစာပုံပြိုကျမှု ၄၁ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ  ၂၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။                  

Most Read

Most Recent