ကြက်သွန်အသစ်များ ပေါ်လာပြီ ဖြစ်သဖြင့် ပြည်ပသို့ တင်ပို့လိုသည့် ကြက်သွန်လုပ်ငန်းရှင်များ Export လိုင်စင် ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြက်သွန်နီ၊ ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။“အခု ကြက်သွန်နီက ဈေးကွက်ထဲမှာ အသစ်တွေလည်း ပေါ်နေပါပြီ။ ဒီရက်တွင်း ကြက်သွန်နီဈေးနှုန်းက ကျပ် ၁၀၀ နီးပါးလောက် ပြန်ကျသွားတယ်။ ဈေးကွက်ထဲမှာ ကြက်သွန်က ပုံမှန်ပြန်ဖြစ်သွားပါပြီ။ ဟိုတလောတုန်းက ကြက်သွန်နီဈေးတွေတက်ပြီး ကုန်ပစ္စည်း ရှားသွားတုန်းကပဲ ပြည်တွင်းစားသုံးမှုအတွက် တရုတ်က ကြက်သွန်နီ တရားဝင် တင်သွင်းရတာပါ။ အခုက ပိတ်လိုက်ပါပြီ။ အခု ပြည်ပကိုပြန်ပြီး ကြက်သွန်နီ တင်သွင်းခွင့် Export လိုင်စင် ပြန်လျှောက်ထားလို့ ရနေပါပြီ” ဟု ဦးခင်ဟန်က ဆက်လက် ပြောကြားသည်။အဆိုပါ ပြည်ပသို့ တင်ပို့လိုသည့် ကြက်သွန်လုပ်ငန်းရှင်များ Export လိုင်စင် ပြန်လည်လျှောက်ထားရာတွင် ကြက်သွန်နီ၊ ဖြူ နှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်းထံမှ ထောက်ခံချက် ရယူရမည်ဖြစ်ကာ နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ကြက်သွန် ပြည်ပတင်ပို့ခွင့်လိုင်စင် လျှောက်ထားရာတွင် ကြက်သွန်တင်ပို့မှု တန်ချိန် ၃၀၀ ကိုသာ လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်သက်တမ်းမှာ တစ်လ ကြာမြင့်မည်ဖြစ်ကြောင်း ကြက်သွန်နီ၊ ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။လက်ရှိတွင် ပြည်ပသို့ ကြက်သွန်တင်ပို့ခွင့်လိုင်စင် လျှောက်ထားသူဦးရေ သုံးဦးရှိပြီး ထပ်မံ လျှောက်ထားလိုသူများကို စိစစ်၍လိုင်စင်ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နေ့စဉ် ဘုရင့်နောင်ပွဲရုံသို့ ကြက်သွန်နီ ကုန်တင်ကား အစီးရေ ၃၀ ကျော် ဝင်ရောက်ကြောင်း ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ကုန်စည်ဒိုင်များမှ သိရသည်။ကြက်သွန်နီဈေးနှုန်းများ အနေဖြင့် တစ်ပိဿာလျှင် အမျိုးအစားအလိုက် ကျပ် ၃၅၀ မှ ကျပ် ၉၀၀ အထိရှိကြောင်း သိရသည်။ထို့ပြင် လာမည့် ဖေဖော်ဝါရီနှင့် မတ်တွင် အသစ်ဝင်ရောက်လာမည့် နွေကြက်သွန်နီသစ်များ ပေါ်လာပါက လက်ရှိထက် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလာမည် ဖြစ်ကြောင်းလည်း သိရသည်။လက်ရှိတွင် ပြည်တွင်းထွက် ကြက်သွန်နီများကို ပြည်ပဈေးကွက်ဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် စင်ကာပူ နိုင်ငံသို့ တင်ပို့နေပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကြက်သွန်သစ်များ ပေါ်လာပြီ ဖြစ်သဖြင့် ပြည်ပသို့ တင်ပို့လိုသည့် ကြက်သွန်လုပ်ငန်းရှင်များ Export လိုင်စင် ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်










