ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) စတုတ္ထအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။JMC-U ၏ တတိယ အကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်များတွင် ကျင်းပခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတွင် ဝန်ထမ်းများ ခန့်အပ်ရန်ကိစ္စ၊ အပစ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကုန်ကျမည့် ဘတ်ဂျက်တွက်ချက်မှုများ၊ ပြည်နယ်အဆင့် အပစ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရေးကိစ္စနှင့် အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ လျှော့ချရပ်ဆိုင်းရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက “ပုံမှန်အစည်းအဝေးတော့ တစ်လတစ်ကြိမ် သတ်မှတ်ထားတယ်။ လေးကြိမ်မြောက် အစည်းအဝေးကတော့ နေရာအတိအကျ မပြောနိုင်သေးဘူး။ ရက်ကတော့ နောက်လဖေဖော်ဝါရီ ၂၃ ရက်၊ ၂၄ ရက်လောက်မှာဖြစ်မယ်” ဟု ပြောကြားသည်။ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့မှ ကိုယ်စားလှယ် ၁၀ ဦး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ ကိုယ်စားလှယ် ၁၀ ဦးနှင့် အရပ်သား ကိုယ်စားလှယ်ခြောက်ဦး စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်၌ တွေ့ဆုံပြီး လာမည့် လေးကြိမ်မြောက် အစည်းအဝေးအတွက် ပြင်ဆင်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ဗိုလ်မှူးကြီး ခွန်အောင်မန်းက “ကျွန်တော်တို့ လာမယ့်ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင်တွေအနေနဲ့ လူစုံတုန်း တွေ့လိုက်တဲ့ သဘောပါ။ လာမယ့် အစည်းအဝေးအတွက် ကျွန်တော်တို့ ဆွေးနွေးရမယ့် အကြောင်းအရာတွေ၊ ဘတ်ဂျက်ကိစ္စတွေ ကျွန်တော်တို့ကြားထဲ ကြိုတင်ညှိနှိုင်းတဲ့ သဘောပါ။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီရဲ့ ပုံမှန်လုပ်ငန်းတွေဖြစ်တဲ့ အခြားအပစ်အခတ်ရပ်စဲရေးတွေမှာ အတွေ့အကြုံရှိပြီးသား နိုင်ငံတွေကို လေ့လာရေးခရီး သွားဖို့တွေရယ် နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအတွက် ကုန်ကျမယ့် ဘတ်ဂျက်ကိစ္စတွေ အဓိကတော့ အဲဒါတွေ ညှိနှိုင်းတာပါ။ လာမယ့် လကုန်လောက်မှာ ဖေဖော်ဝါရီလကုန်လောက်မှာ ကျွန်တော်တို့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အဲဒီမှာ သွားလေ့လာဖို့ အစီအစဉ် တစ်ခုတော့ ရှိပါတယ်” ဟု ပြောကြားသည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ လေးကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖေဖော်ဝါရီတွင် ကျင်းပမည်















