၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် စည်းကြပ်ကောက်ခံရမည့် အထူးကုန်စည်ခွန် နှုန်းထားများ ထည့်သွင်း ပြဋ္ဌာန်းထားသည့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် စည်းကြပ်ကောက်ခံရမည့် အထူးကုန်စည်ခွန် နှုန်းထားများ ထည့်သွင်း ပြဋ္ဌာန်းထားသည့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု
Published 22 January 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

၂၀၁၆-၂၀၁၇ ခုနှစ်အတွက် ကောက်ခံရမည့် အထူးကုန်စည်ခွန် နှုန်းထားများကို ထည့်သွင်းပြဋ္ဌာန်းထားသည့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က ဇန်နဝါရီ  ၂၂ ရက်တွင် အတည်ပြုခဲ့သည်။
ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် အခွန်အကောက် ဥပဒေတွင် အထူးကုန်စည်များဖြစ်သော စီးကရက် အမျိုးမျိုးအတွက် အလိပ် ၂၀ ထိပါ တစ်ဘူး ရောင်းဈေးကျပ် ၄၀၀ အထိ အဆင့်ဖြစ်လျှင် တစ်လိပ်လျှင် သုံးကျပ်နှုန်း၊ တစ်ဘူးရောင်းဈေး ၄၀၁ ကျပ်မှ ကျပ် ၆၀၀ ထိဖြစ်လျှင် တစ်လိပ်လျှင် ရှစ်ကျပ်နှုန်း၊ တစ်ဘူးရောင်းဈေး ၆၀၁ ကျပ်မှ ကျပ် ၈၀၀ ထိဖြစ်လျှင် တစ်လိပ်လျှင် ၁၂ ကျပ်နှုန်း၊ တစ်ဘူးရောင်းဈေး ၈၀၁ ကျပ်နှင့်အထက် ဖြစ်လျှင် တစ်လိပ်လျှင် ၁၅ ကျပ်နှုန်းနှင့် ပြည်ပမှ တင်သွင်းခြင်းဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုး၏ ရာခိုင်နှုန်း ၁၂၀ ကောက်ခံရမည် ဖြစ်ကြောင်း၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးများ၊ ကွမ်းစားဆေး အမျိုးမျိုးတို့အတွက် ရာခိုင်နှုန်း ၆၀ ကောက်ခံရမည်ဟု အတည်ပြုခဲ့သည်။
အထူးကုန်စည်ခွန် ဥပဒေအရ အခွန်ကျသင့်သည့် အထူးကုန်စည်များအနက် သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍများက ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ် ထုတ်လုပ်ရောင်းချခြင်း အတွက် ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေ စုစုပေါင်း ကျပ်သိန်း ၂၀၀ တိတိထက် မပိုလျှင် အထူးကုန်စည်ခွန် စည်းကြပ်ခြင်း မပြုရဟု အခွန်အကောက် ဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းခဲ့သည်။
ထို့အတူ အရက်အမျိုးမျိုးအတွက် ဈေးကွက်ပေါက်ဈေးတွင် တစ်လီတာတန်ဖိုး ကျပ် ၅၀၀ အထိဖြစ်လျှင် တစ်လီတာ ၅၆ ကျပ်နှုန်းဖြင့် စတင်ကောက်ခံမည်ဖြစ်ကာ ဈေးကွက်ပေါက်ဈေးတန်ဖိုး အဆင့်ဆင့်အပေါ် မူတည်၍ တစ်လီတာတန်ဖိုး ရာခိုင်နှုန်း ၆၀ ထိ ကောက်ခံရမည် ဖြစ်ကြောင်းနှင့် ပြည်ပမှ တင်သွင်းခြင်းဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုး၏ ရာခိုင်နှုန်း ၆၀ ကောက်ခံသွားမည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အလားတူ အထူးကုန်စည်များတွင် ပါဝင်သည့် ဘီယာအမျိုးမျိုး အတွက် ရာခိုင် နှုန်း ၆၀၊ ဝိုင်အမျိုးမျိုးအတွက် တစ်လီတာ ကျပ် ၅၀ မှ တန်ဖိုး၏ ရာခိုင်နှုန်း ၅၀ အထိ ဈေးကွက်ပေါက်ဈေး တန်ဖိုးအဆင့်ဆင့် ကောက်ခံရမည်ဟု အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် အခွန်အကောက် ဥပဒေအရ ကျွန်းနှင့် သစ်မာ သစ်လုံးများ၊ တစ်ဆယ်လက်မ ပတ်လည်နှင့် အထက် ကျွန်းနှင့်သစ်မာသစ် ခွဲသားများအတွက် ၂၅ ရာခိုင်နှုန်း၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များအတွက် ရာခိုင်နှုန်း ၂၀၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များနှင့် လက်ဝတ်ရတနာများ အတွက် ငါးရာခိုင်နှုန်း၊ Double Cab 4 Door Pickup မှအပ 1800 CC အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး(Coupe) ကားများအတွက် ၂၅ ရာခိုင်နှုန်း၊ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ် ဆီများအတွက် ငါးရာခိုင်နှုန်းနှင့် သဘာ၀ ဓာတ်ငွေ့အတွက် ရှစ်ရာခိုင်နှုန်း ကောက်ခံရမည်ဟု သိရသည်။
အထူးကုန်စည်များကို ပြည်ပသို့ တင်ပို့ရောင်းချသူဖြစ်ပါက သဘာဝဓာတ်ငွေ့အတွက် ရှစ်ရာခိုင်နှုန်း၊ ကျွန်းနှင့် သစ်မာ သစ်လုံးများ၊ ၁၀ လက်မပတ်လည်နှင့်အထက် ကျွန်းနှင့်သစ်၊ သစ်မာ၊ သစ်ခွဲသားများအတွက် ရာခိုင်နှုန်း ၅၀၊ ကျောက်စိမ်းပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များ အတွက် ရာခိုင်နှုန်း ၂၀ နှင့် အချောထည်များနှင့် လက်ဝတ်ရတနာများ အတွက် ငါးရာခိုင်နှုန်း အခွန်ကျသင့် စေရမည်ဖြစ်ကာ ကျန်အထူးကုန်စည်များ ပြည်ပသို့ တင်ပို့ခြင်းအတွက် ရောင်းရငွေအပေါ် သုညရာခိုင်နှုန်းဖြင့် အထူးကုန်စည်ခွန် ကျသင့်စေရမည် ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent