ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ရာတွင် မြို့နယ် ၃၃ မြို့နယ်၌ လုပ်ငန်းအမှန် ဆောင်ရွက်မှု မရှိခြင်း၊ ခန့်မှန်းခြေ စာရင်းထက် ပိုမိုထုတ်ယူခြင်းတို့ကြောင့် ကျပ် ၂၄ သန်း ပြန်လည်အပ်နှံရန် ဖြစ်ပေါ်

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ရာတွင် မြို့နယ် ၃၃ မြို့နယ်၌ လုပ်ငန်းအမှန် ဆောင်ရွက်မှု မရှိခြင်း၊ ခန့်မှန်းခြေ စာရင်းထက် ပိုမိုထုတ်ယူခြင်းတို့ကြောင့် ကျပ် ၂၄ သန်း ပြန်လည်အပ်နှံရန် ဖြစ်ပေါ်
Published 21 January 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရာတွင် မြို့နယ် ၃၃ မြို့နယ်၌ လုပ်ငန်းအမှန် ဆောင်ရွက်မှု မရှိခြင်း၊ ခန့်မှန်းခြေစာရင်းထက် ပိုမိုထုတ်ယူခြင်း၊ တွက်ချက်မှု မှားယွင်းခြင်း၊ ပြေစာအထောက်အထား မရှိဘဲ ထုတ်ယူခြင်း၊ သုံးရာခိုင်နှုန်း အထွေထွေစရိတ် ပိုမိုထုတ်ယူခြင်းနှင့် မျက်မြင်စစ်ဆေးရာတွင် လျော့နည်းခြင်းတို့ကြောင့် ပြန်လည်ပေးသွင်းငွေ ကျပ် ၂၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ ပြန်လည်ပေးသွင်းရန် ဖြစ်ပေါ်ခဲ့သော မြို့နယ်များမှာ ကယားပြည်နယ်တွင် သုံးမြို့နယ်၊ ချင်းပြည်နယ်တွင် တစ်မြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၁ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ခြောက်မြို့နယ်နှင့် နေပြည်တော်ကောင်စီ တစ်မြို့နယ် စုစုပေါင်း ၃၃ မြို့နယ်ဖြစ်ပြီး ပြန်လည်ပေးသွင်းရန်ငွေ ကျပ်၂၄ သန်းအနက် ကျပ် ၂၃ ဒသမ ၉၄၅ သန်းကို ပြန်လည် ပေးသွင်းပြီး ဖြစ်ကြောင်း၊ ပေးသွင်းရန် ကျန်ငွေ ကျပ် ၀ ဒသမ ၀၅၅ သန်းမှာ နှစ်ရာခိုင်နှုန်း အခွန်ပေးသွင်းရန် ကျန်ခြင်းဖြစ်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ (၂/၂၀၁၅) အစီရင်ခံစာအရ နုတ်ယူပေးသွင်းခဲ့ခြင်း မရှိသော မြို့နယ်မှ ငွေပေးချေသည့် ပြေစာများကို သက်ဆိုင်ရာမြို့နယ် ပြည်တွင်းအခွန်ရုံးသို့ ပေးပို့သွားရန် လိုအပ်ကြောင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ပြည်နယ် ၁၄ ခုနှင့် နေပြည်တော် ကောင်စီတို့ရှိ မြို့နယ် ၃၂၅ မြို့နယ်တွင် လုပ်ငန်းပေါင်း ၁၄၆၃၇ ခုအတွက် တစ်မြို့နယ်လျှင် ကျပ်သန်း ၁၀၀ နှုန်းဖြင့် ကျပ် ၃၂၄၁၅ ဒသမ ၆၇ သန်းကို ခွင့်ပြုခဲ့ကြောင်း သိရသည်။
“၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အမှတ်စဉ် (၂/၂၀၁၅) ၏ အပိုဒ် ၂၅ တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ် ကန့်ကွက်ချက်ပါ အချက်များအား နောက်နှစ်များတွင် မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်များမှ အထူးဂရုပြု လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘောထားမှတ်ချက် ပြုထားသော်လည်း ယခုဘဏ္ဍာနှစ်တွင်လည်း ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေပြဋ္ဌာန်းချက်၊ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မှု အားနည်းနေသေးကြောင်း၊ စာရင်းစစ် ကန့်ကွက်ချက်များ သိသိသာသာ လျော့နည်းသွားခြင်း မရှိကြောင်း တွေ့ရှိရပါသဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များအနေဖြင့် မြို့နယ်အလိုက် အဆင့်ဆင့် ကြီးကြပ်ခြင်း၊ ပြုပြင်ဆောင်ရွက်ခြင်း၊ တိတိကျကျတာ ဝန်ပေးအပ်ခြင်းတို့ကို အလေးအနက်ထား  ဆောင်ရွက်သွားရန် လိုအပ်ပါသည်” ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပြုခဲ့သည်။
 

Most Read

Most Recent