ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ဒေသရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များနှင့် ပတ်သက်၍ လုပ်ကွက်များ ပိတ်သိမ်းခြင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့် သမ္မတထံ လွှတ်တော်နာယက သဝဏ်လွှာပေးပို့

ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ဒေသရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များနှင့် ပတ်သက်၍ လုပ်ကွက်များ ပိတ်သိမ်းခြင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့် သမ္မတထံ လွှတ်တော်နာယက သဝဏ်လွှာပေးပို့
Published 29 December 2015

ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ရတနာမြေရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များနှင့်ပတ်သက်၍ လုပ်ကွက်များ ပိတ်သိမ်းခြင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းလုပ်ရန် စီစဉ်ထားမှုကို ပြန်လည်သုံးသပ်ကာ ပိုမိုကောင်းမွန်သည့် နည်းလမ်းရှာရန် သမ္မတဦးသိန်းစိန်ထံသို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ ၂၉ ရက်စွဲဖြင့် သဝဏ်လွှာ ပေးပို့ခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရအဖွဲ့ကိုယ်စား သတ္တုတွင်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုများနှင့် ပတ်သက်ပြီး လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများသည် အဓိကအားဖြင့် တရားဥပဒေ စိုးမိုးရေးနှင့်လုံခြုံရေး အားနည်းမှုများကြောင့် ဖြစ်ကြောင်း၊ ထိုအခြေအနေများကို နည်းလမ်းသုံးခုဖြင့် ဖြေရှင်းဆောင်ရွက်ရန် စီမံထားကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ နည်းလမ်းသုံးခုမှာ လုံးခင်း၊ ဖားကန့် ရတနာမြေတွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ လုံးဝပိတ်သိမ်းခြင်း၊ နည်းလမ်း (၁) နှင့်တွဲ၍  ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူ ထိန်းသိမ်းခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃ ပုဒ်မခွဲ(ခ)အရ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ဆောင်ရွက် ခြင်းတို့ဖြစ်သည်။
အဆိုပါ နည်းလမ်းများကို အသုံးပြုပါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့်အပြင် ဒေသခံများ အပါအဝင် လာရောက် လုပ်ကိုင်နေကြသည့် ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားများ၏ စားဝတ်နေရေး အခြေအနေကိုပါ ထိခိုက်နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
ထို့ကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့က ဆောင်ရွက်မည့် နည်းလမ်းသုံးခုနှင့် စပ်လျဉ်း၍ ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ်ပြီး အထက်ပါ ဖော်ပြပါ အကြောင်းအရာ အားလုံးအတွက် အကျိုးရှိမည့် နည်းလမ်းရရှိရေး အလေးအနက်ထား ပြန်လည်သုံးသပ် စီမံဆောင်ရွက်နိုင်ပါရန် သဝဏ်လွှာ ပေးပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ အသိပေး တင်ပြခဲ့သည်။
ရေမဆေးကျောက် ရှာဖွေသူများအား လူသားချင်း စာနာထောက်ထားရန် လိုကြောင်း၊  အလုပ်အကိုင် အခက်အခဲ ရှိသည့်အတွက် အသက်ဘေးနှင့်ရင်းကာ လုပ်ကိုင်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရတနာမြေများတွင် ကုမ္ပဏီကြီးများအတွက် အဓိကထား မစဉ်းစားဘဲနှင့် ဒေသခံပြည်သူ လူထုအတွက် ကိုလည်း ထည့်သွင်းကာ စဉ်းစားရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဆွေးနွေးခဲ့သည်။
သတ္တုတွင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင် တင်ပြခဲ့သည့် နည်းလမ်းသုံးခုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က ထိုနည်းလမ်း သုံးခုအား သဘောမတွေ့ကြောင်း၊ ယင်းနည်းလမ်းများသည် ပြဿနာကို ပြေလည်စေမည် မဟုတ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ရတနာမြေရှိ မြေဧက နှစ်သောင်းကျော်တွင် ကုမ္ပဏီ  ၆၂၇ ခုသို့  ပုဂ္ဂလိက လုပ်ကွက် ၇၇၁၄ ကွက်နှင့် ကုမ္ပဏီ ၂၃၀ ခုသို့ အကျိုးတူ လုပ်ကွက် ၃၁၁ ကွက် လုပ်ကိုင်ခွင့် ချပေးထားကြောင်း သတ္တုတွင်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ရတနာ နယ်မြေများတွင် လက်ရှိအသုံးပြုနေသည့် စက်ယန္တရား အရေအတွက်မှာ ဘက်ဟိုး ၁၈၇၂ စီး၊ မြေသယ် ယာဉ် ၃၃၂၇စီးရှိပြီး ဘက်ဟိုးများမှာ တန် ၃၀ မှ တန် ၁၀၀ အထိကို လည်းကောင်း၊ မြေသယ်ယာဉ်များတွင် ၁၀ တန်မှ တန် ၂၀ အထိကိုလည်းကောင်း ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။
လုံးခင်း၊ ဖားကန့်ရတနာ နယ်မြေတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရန်အတွက် ဥရုချောင်းနှင့် ချောင်းလက်တက်များ အတွင်းတွင် လည်းကောင်း၊ ချောင်းနှင့် ပေ ၃၀၀ အတွင်းတွင် လည်းကောင်း ကျရောက်လျက်ရှိသည့် လုပ်ကွက်များကို ပယ်ဖျက်ခဲ့ကြောင်း၊ ထို့အပြင် လူနေအိမ်များနှင့် နီးကပ်သဖြင့် ဘေးအန္တရာယ် ရှိနိုင်သော လုပ်ကွက်များကိုလည်း ပယ်ဖျက်ခဲ့ကြောင်း၊ ပယ်ဖျက်ခဲ့သည့် လုပ်ကွက် အရေအတွက်မှာ အကျိုးတူ လုပ်ကွက် ၂၆ကွက်၊ ဧရိယာ ၁၂၃၆ ဒသမ ၅၀ ဧက၊ ပုဂ္ဂလိကလုပ်ကွက် ၃၁၇ လုပ်ကွက်၊ ဧရိယာ ၃၁၇ ဧကရှိကြောင်း၊ ပယ် ဖျက်ခဲ့သည့် လုပ်ကွက်များကို မြေပြန်လည်ဖို့စေပြီး ဒေသနှင့် ကိုက်ညီသော သစ်ပင်များကို ပြန်လည် စိုက်ပျိုးစေလျက်ရှိကြောင်း ဒုဝန်ကြီးက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

Most Read

Most Recent