ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ ခံထားရသည့် (တကသ) ကျောင်းသား ခေါင်းဆောင်သုံးဦးအား ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ရုံးထုတ်စဉ်

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ ခံထားရသည့် (တကသ) ကျောင်းသား ခေါင်းဆောင်သုံးဦးအား ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ရုံးထုတ်စဉ်
Published 29 December 2015
ပြည့်ဖြိုးအောင်

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် (တကသ) ကျောင်းသား ခေါင်းဆောင်သုံးဦး လက်ဝါးကမ်ပိန်း ပြုလုပ်နေစဉ်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြ တောင်းဆိုမှုကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်း သားများ သမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုနန်းလင်း၊ ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို ဒီဇင်ဘာ ၂၉ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့သည်။
ယင်းနေ့တွင် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံထားရသည့် (တကသ) ကျောင်းသားခေါင်းဆောင်သုံးဦးက ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ရုံးထုတ်စဉ် လွှတ်တော်၌ လွှတ်တော်ရုံးမှ ကိုယ်စားလှယ်များကို လေ့လာနိုင်ရန် ကြိုတင်ဖြန့်ဝေထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း လက်ဖဝါးကမ်ပိန်းကို ပြုလုပ်ခဲ့သည်။
“ကာ/လုံဥပဒေကို လွှတ်တော်မှာ တင်တော့ မတင်သေးဘူး။ ဖြန့်ေ၀ ထားတယ်လို့ သိရတယ်။ ဥပဒေကို လေ့လာကြည့်တဲ့အခါ မှာ ဥပဒေမှာ နိုင်ငံတော်သမ္မတ မဲမပေးရဘူးတို့၊ အခြားဘယ်လိုပြောမလဲ စစ်တပ်ဘက်ကို ပိုပြီးတော့ အလေးသာနေတယ်။ အဲဒါကြောင့် ဒီဥပဒေကြမ်းကို ကန့်ကွက်တယ်ဆိုပြီး ပြုလုပ်တာပါ။ ပြီးတော့ ဒီလို အကူးအပြောင်းကာလမှာ နိုင်ငံတော်သမ္မတက အပြစ်ဘာလုပ်လုပ် ပြန်ပြီး တရားစွဲလို့ မရဘူးဆိုတဲ့ ဥပဒေလိုမျိုးတွေ၊ အခု ကာ/လုံဥပဒေမျိုးတို့ ဘာဖြစ်လို့လဲဆိုတော့ ကာ/လုံအဖွဲ့ဝင်တွေမှာ ကြည့်လိုက်ရင် စစ်တပ်က ပိုပြီးသာနေတယ်လေ။ ဒီလိုဥပဒေမျိုးတွေကို အကူးအပြောင်း ကာလမှာ မဖြစ်သင့်ဘူးဆိုပြီးတော့ ကန့်ကွက်ကြောင်း လက်ဖဝါးကမ်ပိန်း ပြုလုပ်တာပါ”ဟု (တကသ) ကျောင်းသားခေါင်းဆောင် ကိုနန်းလင်းက ပြောကြားသည်။
အဆိုပါနေ့ ရုံးချိန်းတွင် ပန်းဘဲတန်းမြို့နယ်တွင် ဆန္ဒပြတောင်းဆိုမှုကြောင့် ပုဒ်မ ၅၀၅(ခ)ဖြင့် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ပန်းဘဲတန်းမြို့နယ် တရားရုံးသို့ ပြောင်းရွှေ့လာမည့် တရားသူကြီး မရောက်ရှိသေးသောကြောင့် တွဲဖက်မြို့နယ် တရားသူကြီးက ဇန်နဝါရီ ၁၂ ရက်သို့ ရုံးချိန်းဆိုပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က ဒီဥပဒေကို နိုင်ငံရဲ့ အနာဂတ်အတွက် မကောင်းတဲ့ လက္ခဏာ ဖြစ်တဲ့အတွက် ကန့်ကွက်တာပါ။ အခုချိန်မှာလည်း ခိုထောင်လိပ်ကျွန်း ကိစ္စကလည်း ပြည်သူတွေကြားမှာ ဖြစ်နေတဲ့အချိန်မှာ ဒီဥပဒေက လွှတ်တော်ထဲမှာ တိတ်တဆိတ်နဲ့ အတည်ပြုသွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့်ပါ”ဟု ကိုဇေယျာလွင်က ကမ်ပိန်း ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ပြောကြားသည်။
(တကသ) ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ အပါအဝင် အဖွဲ့ဝင်ကျောင်းသားအချို့နှင့် ပြည်သူများ ပူးပေါင်း၍ ပြီးခဲ့သည့် ဇွန် ၃၀ ရက်က ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေးရှေ့ မှစတင်ကာ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် လမ်းလျှောက် ဆန္ဒပြခဲ့သည်။
ထိုသို့ဆန္ဒပြမှုဖြင့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့် ပန်းဘဲတန်းမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့၌ တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားခံပြေး ကြေညာထားသည့် ကိုနန်းလင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ ဗဟာဗန္ဓုလပန်းခြံအနီး၌ ရဲတပ်ဖွဲ့ကဖမ်းမိ၍ တရားရုံးသို့ ပို့ဆောင်ခဲ့သဖြင့်  ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် စစ်ဆေးနေသည့် ၎င်းတို့၏အမှုကို အစမှ ပြန်လည်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent